• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နဲ့အာဆီယံ အကြား လုံခြုံရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူးလူးဖလှယ်မှု တိုးမြှင့်ဖို့ ဝန်ကြီးချုပ် လီခေ့ချန်-ရဲ့ အဆိုပြုချက်ဟာ အရေးကြီးတဲ့ အဓိပ္ပါယ်ရှိတယ်လို့ ပညာရှင်က ဖေါ်ပြ

(GMT+08:00) 2013-10-15 16:14:20

တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်-ဟာ ၉-ရက်နေ့က ဘရူနိုင်း-နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၆-ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ နှစ်ဖက်တို့ဟာ လုံခြုံရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူးလူးဖလှယ်မှု တိုးမြှင့်ဖို့ အဆိုပြုချက် တင်ပြခဲ့ပါတယ်။ အဲဒီ အဆိုပြုချက်တွေမှာ တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး စနစ် တစ်ဆင့်တိုး ပြည့်စုံစေရေး၊ ဒေသတွင်း လုံခြုံရေး ပြဿနာနဲ့ ပတ်သက်၍ ပုံမှန် အချိန်သတ်မှတ်ပြီး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပကာ သမရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးတို့ ပါရှိပါတယ်။ တရုတ်ပြည်က တရုတ်-အာဆီယံ ရေးရာ ပညာရှင် တစ်ဦးက စီအာအိုင်-သတင်းထောက်နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးချုပ် လီခေ့ချန်-တင်ပြခဲ့တဲ့ အဆိုပြုချက်ဟာ အရေးကြီးတဲ့ အဓိပ္ပါယ်ရှိတယ်လို့ ဖေါ်ပြပါတယ်။

တရုတ် နိုင်ငံတကာ ရေးရာ သုတေသနဌာန ဌာနမှူး ချွီရှင်း-က ဝန်ကြီးချုပ် လီခေ့ချန်-တင်ပြခဲ့တဲ့ တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး စနစ် တစ်ဆင့်တိုး ပြည့်စုံစေဖို့ အဆိုပြုချက်ဟာ အလွန်အရေးကြီးပါတယ်လို့ ယူဆပါတယ်။

သူက အမှန်တကယ်ဆိုရင် လုံခြုံရေး နယ်ပယ်မှာ ကူးလူးဖလှယ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးရဲ့ အရေးကြီး အခန်းကဏ္ဍဟာ လုံခြုံရေး နယ်ပယ်နဲ့ ကာကွယ်ရေး နယ်ပယ်မှာ ပွင့်လင်းမှုရှိခြင်း ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ အဆိုပြုချက်တွေကို လက်တွေ့ ဖေါ်ဆောင်ပြီး တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး စနစ် တစ်ဆင့်တိုး ပြည့်စုံစေကာ ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်၍ စေ့စပ်ဆွေးနွေးပွဲကို ပုံမှန် အချိန်သတ်မှတ်ပြီး ကျင်းပနိုင်မယ်ဆိုရင် ချောမောအဆင်ပြေတဲ့ နည်းလမ်းတစ်ခု ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ပြဿနာ အချို့နဲ့ ပတ်သက်ပြီး ဆက်သွယ်မှုပြု နားလည်မှုယူပြီး အများက စိုးရိမ်ကြတဲ့ ပြဿနာတွေကို စီမံထိန်းချုပ်နိုင်တာကြောင့်၊ ထိုမှတဆင့် မထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရှောင်ရှား မဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီစနစ်ဟာ အလွန်အရေးကြီးတဲ့ အဓိပ္ပါယ်ရှိပါတယ်လို့ သူက ပြောကြားပါတယ်။

တရုတ်ပြည် ယခုခေတ် နိုင်ငံတကာ ဆက်ဆံရေး သုတေသန တံခွန်အသင်း တောင်အာရှနဲ့ အရှေ့တောင် အာရှ သုတေသနဌာန ဒုဌာနမှူး ကျန်းရွှေကန်း-က တရုတ်နဲ့ အာဆီယံ အကြား လုံခြုံရေး ဆိုင်ရာ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဝန်ကြီးချုပ် လီခေ့ချန်-တင်ပြတဲ့ အဆိုပြုချက်ဟာ လက်တွေ့ကျတဲ့ အဆိုပြုချက် ဖြစ်ကြောင်းလို့ ဖေါ်ပြပါတယ်။ သူက ဝန်ကြီးချုပ် လီခေ့ချန်-ရဲ့ အဲဒီ အဆိုပြုချက်မှာ အဓိပ္ပါယ် များစွာ ပါရှိပါတယ်လို့ ကျွန်တော် ယူဆပါတယ်။ ပထမအားဖြင့် တရုတ်နဲ့ အာဆီယံ အကြား အပြန်အလှန် လေးစားရေးနဲ့ အတူတကွ စူးစမ်းလေ့လာရေး ဖြစ်ပါတယ်။ ဒုတိယ အားဖြင့် လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေကို ရှာကြံခြင်း ဖြစ်ပါတယ်။ တတိယ အားဖြင့် လုံခြုံရေး စနစ်ရဲ့ အရေးကြီးပုံ ဖြစ်ပါတယ်။ နှစ်ဖက်တို့က တရုတ်-အာဆီယံ လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းနဲ့ ထိရောက်တဲ့ စနစ်ကို တည်ထောင်ဖို့ လိုအပ်ပါတယ်လို့ ပြောကြားပါတယ်။

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်-က ဒီလ ၃-ရက်နေ့က အင်ဒိုနီးရှား လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ရာ ကျွန်တော်တို့ဟာ စစ်အေး အတွေးအခေါ်ကို စွန့်လွှတ်သင့်ပြီ ဖြစ်ပြီး အထွေထွေ လုံခြုံရေး၊ နှစ်ဖက် လုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်မှု လုံခြုံရေးဆိုင်ရာ အကြံအဆတွေကို တက်ကြွစွာ တိုက်တွန်းအားပေးပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်သင့်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ ပါတယ်။ ဝန်ကြီးချုပ် လီခေ့ချန်-က အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ တရုတ်ပြည်ရဲ့ အဲဒီ လုံခြုံရေး ခံယူချက်ကိုလည်း ထပ်မံ အလေးထား ဖေါ်ပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျန်းရွှေကန်း-က အဲဒီ လုံခြုံရေး ခံယူချက်သစ်ရဲ့ အရင်းခံဟာ တရုတ်ပြည်ရဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ လမ်းစဉ်ရဲ့ မဟာဗျူဟာ ဖြစ်သလို တရုတ်ပြည်ရဲ့ အိမ်နီးချင်းများကို မိတ်ဆွေကောင်း အဖြစ် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံတဲ့ နိုင်ငံခြားရေး မူဝါဒကိုလည်း သရုပ်ဆောင်ပါတယ်။ အထွေထွေ လုံခြုံရေးမှာ သမရိုးကျ စစ်ရေး လုံခြုံရေး နယ်ပယ်နဲ့ နိုင်ငံရေး ဆိုင်ရာ လုံခြုံရေး၊ စီးပွါးရေးဆိုင်ရာ လုံခြုံရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေး ဆိုင်ရာ လုံခြုံရေးတွေ ပါရှိပါတယ်။ နှစ်ဖက် လုံခြုံရေးဆိုတာဟာ တစ်ဖက်သတ် လုံခြုံရေး ရှာကြံမှု မဟုတ်ဘဲ လုံခြုံရေး နယ်ပယ်မှာ အပြန်အလှန် သက်ညှာထောက်ထားဖို့ လိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု လုံခြုံရေးဟာ ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းနဲ့ အတူတကွ လုံခြုံရေး ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ခြင်း ဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

   Webradio