• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝန်ကြီးချုပ် လီခေ့ချန်နဲ့ ငုယင်တန်ဒွန်ဟာ တွေ့ဆုံဆွေးနွေး

(GMT+08:00) 2013-10-14 15:51:43

တရုတ်နိုင်ငံတော် ဝန်ကြီးချုပ် လီခေ့ချန်ဟာ ယမန်နေ့ ၁၃-ရက်နေ့ ညနေပိုင်းက ဟနွိုင်း-မြို့ ဗီယက်နမ် ဝန်ကြီးချုပ်ရုံးမှာ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒွန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ပတ်သက်ပြီး လေးနက်စွာ အမြင်ချင်း ဖလှယ်ပြီး အရေးကြီးတဲ့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်လို့ ဆင်ဟွာ-သတင်းအရ သိရပါတယ်။

နှစ်ဖက်တို့ဟာ ပင်လယ်ပြင်၊ ကုန်းပိုင်းနဲ့ ငွေကြေး အပါအဝင် ပူးတွဲ လုပ်ငန်းအဖွဲ့ ၃-ခုကို ဖွဲ့စည်းတည်ထောင်ပြီး ဒီနှစ်အတွင်း လုပ်ငန်းစတင်ဆောင်ရွက်ကာ အဆိုပါ နယ်ပယ် ၃-ခုမှာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ဖို့ သဘောတူကြပါတယ်။ အဲဒါဟာ တရုတ်-ဗီယက်နမ် ရေရှည်ဆက်ဆံရေးမှာ ရရှိတဲ့ အရေးကြီး တိုးတက်မှုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းတိုင်ပင်ရေး လုပ်ငန်းအဖွဲ့ တည်ထောင်လိုက်ခြင်းဟာ ပြဿနာကို ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ဖြေရှင်းပေးဖို့ နှစ်ဖက်တို့ရဲ့ လိုအင်ဆန္ဒကို ဖေါ်ပြခြင်း ဖြစ်ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်တို့ရဲ့ သဘောတူညီမှုနဲ့ အကျိုးတူ အကျိုးစီးပွါးတွေဟာ သဘောကွဲလွဲမှုတွေထက် ပိုများပါတယ်။ တရုတ်ပြည်က ဗီယက်နမ်နဲ့ ပင်လယ်ပြင်၊ ကုန်းပိုင်းနဲ့ ငွေကြေး အပါအဝင် နယ်ပယ် ၃-ခုမှာ ပူးပေါင်းဆောင်ရွက်မှုကို စီမံဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေရေးကို အကောင်အထည် ဖေါ်ဆောင်လိုပါတယ်။

ဝန်ကြီးချုပ် လီခေ့ချန်-က အိမ်နီးချင်းကောင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့အတွက် တရုတ်-ဗီယက်နမ် ဆက်ဆံမှု ခိုင်မာတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးဟာ နှစ်နိုင်ငံ ပြည်သူတို့ရဲ့ အကျိုးစီးပွါးနဲ့ ကိုက်ညီတဲ့ အပြင်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာရေး အတွက်လည်း အကျိုးရှိပါတယ်။ နှစ်ဖက်တို့ဟာ နှစ်နိုင်ငံ ဆက်ဆံမှုရဲ့ မဟာဗျူဟာ ဦးတည်ချက်နဲ့ အပြန်အလှန် အကျိုးရှိစေတဲ့ ပူးပေါင်းဆောင်ရွက်ရေးမူကို စွဲကိုင်ရပါတယ်။  တောင်ပင်လယ် ပြဿနာကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့အတွက် ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါတယ်လို့ ပြောကြားပါတယ်။

အဲဒီနယ်ပယ် ၃-ခုမှာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် လီခေ့ချန်-ရဲ့ အခြေခံ အတွေးအခေါ်တွေထဲက ပထမဆုံးအချက်ဟာ တရုတ်-ဗီယက်နမ် ပင်လယ်ပြင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေးပြီး တရုတ်-ဗီယက်နမ် ပင်လယ်ပြင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းတိုင်ပင်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင်၊ ပေဘုဝမ်း-ပင်လယ်ကွေ့ပြင်ပရှိ ပင်လယ်ရပ်ဝန်း ဆိုင်ရာ လုပ်ငန်းအဖွဲ့ရဲ့ လုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီ ပင်လယ်ရပ်ဝန်းဒေသတွင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှာ အနှစ်သာရရှိတဲ့ တိုးတက်မှု ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ခင်မင်ရင်းနှီးစွာ ညှိနှိုင်းတိုင်ပင်ခြင်း၊ စေ့စပ်ဆွေးနွေးခြင်းနဲ့ အငြင်းပွါးမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ မူကို စွဲကိုင်ဖို့ လိုအပ်ပါတယ်။

ဒုတိယအချက်ဟာ မဟာဗျူဟာ စီမံကိန်းချမှတ်ခြင်းကို တိုးမြှင့်ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ အကြား အပြန်အလှန် ဆက်သွယ်ရေး၊ စီးပွါးကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး နယ်ပယ်တွေမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖို့ လိုအပ်ပါတယ်။

တတိယအချက်ဟာ ငွေကြေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး တရုတ်-ဗီယက်နမ် ငွေကြေး ပူးးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ပါတယ်။  နှစ်နိုင်ငံနဲ့ ဒေသတွင်း စီးပွါးရေး၊ ငွေကြေးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

   Webradio