• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အင်ဒိုနီးရှား စီးပွါးကုန်သွယ်မှုဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို တွန်းအားပေး

(GMT+08:00) 2013-01-29 14:08:13

၂၀၁၂ ခုနှစ် အာဆီယံရောက် တရုတ်လုပ်ငန်းဌာန ဆယ်ခုနဲ့ တရုတ်ပြည်ရောက် အာဆီယံလုပ်ငန်းဌာန ဆယ်ခု ရွေးချယ်ပွဲနဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၄ ရက်နေ့က ပီကင်းမှာ ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စူရာဘာယာ-မာဒူရာ တံတားကြီး ဆောက်လုပ်ရေးလုပ်ငန်းကို ကန်ထရိုက်ယူ လုပ်ဆောင်တဲ့ တရုတ် ကားလမ်းနဲ့ တံတား ဆောက်လုပ်ရေးကုမ္ပဏီနဲ့ တရုတ်ပြည်မှာ အင်ဒိုနီးရှားလမ်းကို ဖွင့်လှစ်ထားရှိပေးတဲ့ အင်ဒိုနီးရှား တီအိတ်ခ်ျ ကုမ္ပဏီအုပ်စုတို့ဟာ နှစ်နိုင်ငံ စီးပွါးကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှူ ကူးလူးဖလှယ်ရေးကို တွန်းအားပေးနိုင်ခဲ့တဲ့အတွက်၊ ၂၀၁၂ ခုနှစ်မှာ အောင်မြင်မှုရရှိတဲ့ အာဆီယံရောက် တရုတ်လုပ်ငန်းဌာနဆုနဲ့ ၂၀၁၂ ခုနှစ်မှာ အောင်မြင်မှု ရရှိတဲ့ တရုတ်ပြည်ရောက် အာဆီယံလုပ်ငန်းဌာနဆုကို အသီးသီး ရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ မာဒူရာ ရေလက်ကြား နှစ်ဖက်ကမ်းကို ဆယ်နွှယ်ထားတဲ့ စူရာဘာယာ-မာဒူရာ တံတားကြီးကို ဆောက်လုပ် ပြီးစီးခဲ့ပါတယ်။ အဲဒီတံတားကြီးဟာ စုစုပေါင်း ၅၄၃၈ မီတာလောက် ရှည်လျားပြီး အင်ဒိုနီးရှားမှာသာမကဘဲ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံးသော ပင်လယ် ဖြတ်ကျော် တံတားကြီးလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား ကုန်သွယ်ရေးသံမှူး မစ္စတာ မာရိုလော့က၊ အရင်တုန်းကဆိုရင် စူရာဘာယာကနေ မာဒူရာကျွန်းကို သွားချင်ရင် အနည်းဆုံး နှစ်နာရီ လိုအပ်ပါတယ်။ အခု ဒီတံတားကြီး ရှိလာပြီးတော့ တိုက်ရိုက်ကြီးပဲ ပင်လယ်ကို ဖြတ်သန်းနိုင်ပြီလို့ ပြောကြားပါတယ်။

စူရာဘာယာ-မာဒူရာ တံတားကြီး ဆောက်လုပ်ပြီးစီးခြင်းဟာ စူရာဘာယာမြို့နဲ့ မာဒူရာကျွန်း စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ဂျာဗာကျွန်း စီးပွါးရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး၊ မာဒူရာကျွန်း စည်ပင်သာယာရေးနဲ့ ဒေသခံ အလုပ်အကိုင်နေရာချထားရေးဆိုင်ရာ ပြဿနာတွေ ဖြေရှင်းရေးအတွက် များစွာ အကျိုးပြုခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၊ အင်ဒိုနီးရှား တရုတ် ကုန်သွယ်ရေးအသင်းချုပ် စတဲ့အသင်းအဖွဲ့တို့ရဲ့ အားပေးထောက်ခံမှုနဲ့ ပထမဆုံးသော အင်ဒိုနီးရှားလမ်းကို ရှန်ဟိုင်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်ကျော် အတွင်း ရှန်ဟိုင်းမြို့အပြင် ပီကင်း၊ မကာအို၊ ဟန်ကျိုးနဲ့ ကူမင်းမြို့ စတဲ့မြို့တွေမှာလည်း အင်ဒိုနီးရှားလမ်းတွေကို ရှေ့ဆင့်နောက်ဆင့် ဖွင့်လှစ်လိုက်ပါတယ်။ အင်ဒိုနီးရှားလမ်းကို ဖွင့်လှစ်ထားရှိပေးတဲ့ အင်ဒိုနီးရှား တီအိတ်ခ်ျ ကုမ္ပဏီအုပ်စု ထိပ်တန်း အမှုဆောင် အရာရှိ မစ္စတာ စွန်နီ စူကာဒီက၊ ၂၀၀၀ ခုနှစ်က တရုတ်ပြည်ကို ရောက်ခါစမှာ လူတော်တော်များများက အင်ဒိုနီးရှားရဲ့ ယဉ်ကျေးမှုရယ်၊ အင်ဒိုနီးရှားအကြောင်းရယ် လုံးဝ မသိဘူးလို့ ကျွန်တော် တွေ့ရှိပါတယ်။ တကယ်ဆိုတော့ အင်ဒိုနီးရှားနိုင်ငံမှာ သမိုင်းသက်တမ်း ကြာရှည်လှတဲ့ ယဉ်ကျေးမှု ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က အင်ဒိုနီးရှားလမ်းကို ဖွင့်လှစ်ထားရှိပေးတဲ့နည်းလမ်းနဲ့ တရုတ်-အင်ဒိုနီးရှား ချစ်ကြည်ရေး ကူးလူးဖလှယ်မှုကို တွန်းအားပေးချင်ပါတယ်။ ကျွန်တော်က အဲဒါကို နှစ်နိုင်ငံ ယဉ်ကျေးမှူ ကူးလူးဖလှယ်ရေးဆိုင်ရာ ပေါင်းကူးတံတားအဖြစ် သဘောထားနေတယ်လို့ ရှင်းလင်း ဖေါ်ပြပါတယ်။

အင်ဒိုနီးရှားလမ်းတွေမှာ အင်ဒိုနီးရှားလုပ် ပရိဘောဂ၊ ချည်မျှင်နဲ့အထည်ပစ္စည်း၊ သစ်ထွင်းပန်းပုပစ္စည်းတွေကို ရောင်းချတဲ့အပြင်၊ အင်ဒိုနီးရှား ကော်ဖီဆိုင်တွေကိုလည်း ဖှင့်ထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအဆိုအကပွဲတော်နဲ့ စားကောင်းသောက်ဖွယ်ရာ ပွဲတော်ကိုလည်း တစ်လတစ်ကြိမ် ပြုလုပ်နေပါတယ်။

   Webradio