• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီအာအိုင်နှစ်(၇၀)ပြည့် အထိမ်းအမှတ်ပဒေသာ ကပွဲ

(GMT+08:00) 2011-12-10 14:55:24

မေအားမာန်- သောတရှင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းပါခင်ဗျာ။

မေ--   ဒီနေ့အားမာန်ကဂုဏ်ပြုအစီအစဉ်လေးတစ်ခုကိုတင်ဆက်ပေးပါမယ်ရှင်။

ဦး---   ဟုတ်ကဲ့၊သိပ်ကောင်းတဲ့အစီအစဉ်ပေါ့။

မေ--   ဘာကို ဂုဏ်ပြုတဲ့အစီအစဉ်လည်းဆိုတာကိုဦးခင်မောင်ဝင်းသိမှာဖြစ်သလို၊အားမာန်တို့ကချစ် ရတဲ့သောတရှင်တွေ၊အားမာန်တို့ကို ချစ်တဲ့သောတရှင်တွေကတော့ သိကြမယ်လို့ အားမာန် ယုံကြည် တယ်သိလား၊ နီးနီးလေးသာဆို လက်တို့ပြီးတောင် မေးလိုက်ချင်သေးတယ် ရှင်။ဒါပေမဲ့ အားမာန်တို့ ကလေ လူချင်းဘယ်လောက်ဝေးဝေး လေလှိုင်းကနေ အသံချင်းတွေနီးနေကြတယ်၊ချစ်ခင်မြတ်နိုးတဲ့ စိတ်တွေကနီးနီးလေး ပဲမဟုတ်လားရှင်။

ဦး---  သိပ်မှန်တာပေါ့ဗျာ။

မေ--  အခု ဂုဏ်ပြုအစီအစဉ်လေး မတင်ဆက်မီ ဦးခင်မောင်ဝင်းက ဇီးကုန်းဘုန်းဘုန်းရဲ့ အကြံပြုချက် တွေထဲကတစ်ခုဖြစ်တဲ့ ၁၉၈၀မှသည်ယနေ့ဆီသို့ဆိုတဲ့ အကြောင်းလေးတွေထဲက တစ်ခုကို အရင် ပြောပြပေးမယ်တဲ့ရှင်၊ဇီးကုန်းဘုန်းဘုန်းနဲ့တကွအားမာန်တို့ချစ်ရတဲ့ သောတရှင်များအားလုံး နားဆင် အားပေးကြပါဦးနော်။

ဦး---  ကျွန်တော်ပြောချင်တဲ့အကြောင်းကတော့ မြန်မာဘာသာဌာနရဲ့ ပထမဆုံး ၀န်ထမ်းတစ်ဦးဖြစ် တဲ့ ဦးသက်ထွန်းအကြောင်းနဲ့…………………..

မေ-- ဟုတ်ကဲ့၊ဦးခင်မောင်ဝင်းကလည်း တာဝန်ကျေဦးကြီး ဖြစ်သွားပြီဆိုတော့၊အားမာန်ကလည်း တာဝန်ကျေဖို့လိုသေးတာပေါ့နော်၊ဟုတ်ကဲ့ ဒီအပတ်အားမာန်တို့ဆီကို ပေးပို့လာတဲ့စာလွှာလေးကို အားမာန်က ကျေးဇူးတင်ပါကြောင်းနဲ့ဝမ်းသာကြည်နူးမိပါကြောင်းပြောပြချင်လို့ပါလေ၊ဒီတစ်ပတ် ရောက်လာတဲ့စာလေးကတော့နန်းခွင်ကမမစွဲ့ကြူကြူအေးရဲ့စာပဲဖြစ်ပါတယ်၊မမစွဲ့ကြူကြူအေး ကလေ အားမာန်တို့ အစီအစဉ်လေးက ပိုပြီးကောင်းလာတယ်တဲ့၊ဟုတ်ကဲ့ မမရှင် အားမာန်တို့လေ ကောင်းသ ထက်မွန်အောင် အသက်ထက်ဆုံးကြိုးစားသွားပါမယ်လို့၊ မမစွဲက အားမာန် ပြောသံလေသံကိုနား ထောင်ပြီး သူမှန်းတဲ့ မှန်းဆချက်လေး အရမ်းကို မှန်ပါတယ်ရှင်၊မမ က သိပ်တော်လို့အားမာန်တော့ လေ ချစ်ခင်လေးစားမှုတွေတိုးပြီးရင်းတိုးလို့သာနေပါလို့၊ပြောကြားရင်း အခုအားမာန်တို့ ဂုဏ်ပြုအစီ အစဉ်လေးကိုစလိုက်ကြပါစို့နော်။

ဦးခင်မောင်ဝင်းရေ နိုဝင်ဘာလ(၂၉)ရက်နေ့ညမှာ စီအာအိုင်နှစ်(၇၀)ပြည့် အထိမ်းအမှတ်ပဒေသာ ကပွဲကို ပီကင်းနိုင်ငံတော်ပြဇာတ်ရုံမှာ တခမ်းတနားစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်နော်။ အဲပွဲ ကို ဦးခင်မောင်ဝင်းရော သွားကြည့်ဖြစ်သေးလားဟင်။

ဦး---  ဟုတ်ကဲ့၊ကျွန်တော်တော့ မသွားဖြစ်ပါဘူး။သားတော်မောင်က အဲပွဲမှာ မင်းသားလေ၊အစီအစဉ် တော်တော်များများမှာ သူပါတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

မေ-- အဲဒိပဒေသာကပွဲရဲ့ခေါင်းစဉ်လေးကတော့ နှစ်ပေါင်းကြာရှည်လွန်းလှတဲ့သမိုင်းမှတ်တိုင်ကို ဂုဏ် ပြုရင်းအနာဂတ်မှာရရှိမယ့် အောင်မြင်မှုပန်းတိုင်ကို မျှော်မှန်းပိုက်ထွေးကြပါစို့ လို့အမည်ရပါတယ်။ အားမာန်လည်း အဲပွဲမှာပရိသတ်တစ်ယောက်အနေနဲ့ တက်ရောက်အားပေးခဲ့ပါတယ်၊အဲဒိလို သွားဖြစ် ခဲ့တာကလည်း အားမာန်ရဲ့ သောတရှင်တွေအပေါ်ထားတဲ့စေတနာဟာ ဘယ်လောက်ထိကြီးမားသလဲ ဆိုတာကိုပြချင်တာမို့ပါ၊ဘာလို့လဲဆိုတော့လေ အားမာန်တို့စီအာအိုင်နှစ်(၇၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကြီးကို အားမာန်ကြုံတွေ့ခံစားနိုင်သလို၊ချစ်ရတဲ့သောတရှင်တွေလည်း လေလှိုင်းပေါ်က နေအားမာန်နဲ့အတူ မျှဝေခံစားနိုင်စေဖို့လေ၊ရာသီဥတုအေးလွန်းတာတွေ၊ပင်ပန်းလွန်းတာတွေက ကိုယ်ချစ်တဲ့သောတရှင်တွေအတွက်ဆို အားလုံးကအဓိကမဟုတ်တော့ဘူးလေ၊မိုင်နာကေစ့်လေးတွေ ဖြစ်သွားပြီပေါ့။

ဦး---  ဟုတ်တာပေါ့ဗျာ။

မေ--  အားမာန်တို့ အလုပ်ပြီးတဲ့အချိန်က ညနေ ငါးနာရီကျော်ကျော်လောက်လေ၊အဲပွဲကိုသွားမယ့် ကားထွက်မယ့်အချိန်က ငါးနာရီခွဲဆိုတော့ ညနေစာကိုတောင် အပြေးအလွှား အဆာပြေရုံလောက် ပဲ စားနိုင်တာပေါ့၊ အားမာန်ရဲ့သဘာဝ က ထမင်းစားရင် အေးအေးဆေးဆေးစားတတ်တာပါ၊ဒါပေမဲ့ အဲနေ့က ထမင်းဘယ်လိုဘယ်လို ပါးစပ်ထဲဝင်သွားမှန်းတောင်ကိုယ့်ဖာသာကိုယ်မသိလိုက်ဘူးလေ၊ သိပ်ထူးဆန်းတယ်နော်၊လူ့စိတ်ဆိုတာက ကိုယ်ချစ်မြတ်နိုးသူတွေအတွက်ဆို စိတ်အားထက်သန်တတ် တာသဘာဝပဲ မဟုတ်ပါလားရှင်။

အဲလိုနဲ့ အားမာန်တို့ စီအာအိုင်ဝန်ထမ်းတွေအားလုံးကို ရုံးက အဲကွန်းဘတ်စ်ကားကြီး (၁၃)စီးနဲ့ အဲဒိ ကဇာတ်ရုံထိလိုက်ပို့ပေးတယ်။ပြန်ပို့ပေးတယ်လေ၊စထွက်တည်းက စိတ်ဝင်းစားဖို့ကောင်းတယ်  သိလားသောတရှင်တို့ရေ။            ကားတသီတသန်းကြီးဆိုတော့ အားမာန်တို့မြန်မာပြည် မှာဆို ဘုရားလှည့်နေသလိုလို၊ကထိန်လှည့်နေသလိုလိုပေါ့လေ။ အသွားမှာတော့ရုံးဆင်းချိန်မို့လေ တစ်နာရီလောက်ကြာတယ်၊ဒါကြောင့်လည်း ခုနှစ်နာရီမှ စမည့်ပွဲကို အားမာန်တို့ကို ညနေ ငါးနာရီခွဲ စထွက်မယ်လို့ပြောတာနော်၊ပီကင်းရဲ့ ကားလမ်းပိတ်မှုတွေကြောင့်အချိန်ပိုယူရတယ်လေ။ဒါမှ ကိုယ်သွားချင်တဲ့နေရာကို အချိန်မီရောက်နိုင်မှာပါ။ 

ဒါနဲ့အားမာန်တို့  ၇ နာရီမတ်တင်းလောက်မှာ အဲကိုရောက်သွားတယ်၊နိုင်ငံခြားသားဧည့်ဝန်ထမ်းတွေ တော်တော်များများက ဓာတ်ပုံတွေရိုက်ကြ၊အချင်းချင်းနှုတ်ဆက်ကြနဲ့ ပျော်ဖို့ကောင်းလိုက်တာရှင်။

နောက်တော့ အသီးသီးကိုယ့်နေရာကိုယ်ယူကြတာပေါ့နော်၊အားမာန်တို့နားမှာတော့ အိန္ဒိယကျွမ်းကျင် သူနဲ့ကမ္ဘောဒီယားကျွမ်းကျင်သူတွေပေါ့၊အစီအစဉ်ကို ၇ နာရီစမယ်ဆိုတဲ့အတိုင်း ဧည့်ပရိသတ်စုံစုံ ညီညီနဲ့ဖွင့်လိုက်တယ်လေ။အဖွင့်အစီအစဉ်လေးကတော့ စီအာအိုင်က၀န်ထမ်း၅ယောက်ကစီအာအိုင် သမိုင်းကြောင်းတစ်လျှောက်မှာပြောင်းလဲတိုးတက်မှုအစဉ်အလာကောင်းများကိုဖွဲ့ဆိုထားတဲ့ကဗျာကို အသံနေအသံထားဌာန်ကရိုဏ်းကျကျရွတ်ဆိုကြပြီးနောက်ကလည်း ကဗျာကိုသရုပ်ဖော်တဲ့အဖွဲ့တွေ စီအာအိုင်ဌာနတိုင်းကကျွမ်းကျင်ပညာရှင်တွေ၊တရုတ်လူမျိုးဝန်ထမ်းတွေလေ၊အဲထဲမှာ အားမာန်တို့ရဲ့ သောတရှင်တွေသိတဲ့ ဘယ်သူတွေများပါမလဲဆိုတာသိချင်နေကြမယ်နဲ့တူပါရဲ့နော်၊ဟုတ်ကဲ့ ပြောပေး ပါမယ်ရှင်၊အားမာန်တို့မြန်မာဘာသာအဖွဲ့ကမင်းသမီးနှစ်ယောက်တောင်ပါတယ်သိလား၊ဘယ်သူတွေလဲ ဆိုတာ သောတရှင်တို့ရေ စိတ်ထဲကမှန်းကြည့်နေနော်၊ ပြီးရင် အားမာန်ပြောပြမယ်လေ။

ဟုတ်ကဲ့ပါရှင်၊မင်းသမီးနှစ်ယောက်ကတော့ သောတရှင်တို့ရဲ့အချစ်တော်လေး ၂ ယောက်ဖြစ်တဲ့ မြင့်မြတ်နဲ့မိုးသူဇာပဲဖြစ်ပါတယ်ရှင်၊မှန်းတာမှန်တဲ့သောတရှင်တွေများမယ်ဆိုတာ အားမာန်ယုံကြည်ပါ တယ်ရှင်။အဲနေ့က မြတ်ကလေ အလှပေါ်အယဉ်ဆင့်ဆိုသလိုမျိုးပေါ့၊သိပ်လှတာပဲရှင်။မျက်နှာလေးက လည်းရွှင်ပြုံးပျော်မြူးနေတာပေါ့။ကိုယ့်ရဲ့မြန်မာဝတ်စုံလေးနဲ့ဆိုတော့အိုပြောစရာကိုမရှိသလောက်ပါပဲ ရှင်၊ပြီးတော့ တရုတ်မလေး မိုးသူဇာကလည်းမြန်မာဝတ်စုံလေးနဲ့အလှချင်းပြိုင်ဘယ်သူနိုင် မလဲဆိုသ လိုမျိုးပေါ့လေ၊သိပ်တော်ကြတယ်ရှင်၊ပြီးတော့ သောတရှင်တို့ရေ ဦးခင်မောင်ဝင်းရဲ့ သားတော်မောင်

မြောင်မြောင်လေးကလည်းမင်းသားတစ်ပါးလိုပဲရှင်၊သူက အစီအစဉ်တော်တော်များများမှာ ပါတယ်။ အားမာန်တော့လေ ခံစားမှုရသအစုံအလင်ပေးတဲ့ အဲဒိ အစီအစဉ်လေးကို တော်တော်လေး သဘော ကျမိပါတယ်၊

ဒုတိယအစီအစဉ်ကတော့ တရုတ်လူမျိုးအဆိုတော်တစ်ယောက်ရဲ့သီချင်းသီဆိုမှု့ပဲဖြစ်ပါတယ်၊တတိယ အစီအစဉ်က ကျွန်ုပ်တို့ရဲ့သူငယ်ချင်းတွေကတစ်ကမ္ဘာလုံးမှာရှိနေပါတယ် ဆိုတဲ့အတိုင်း နိုင်ငံအသီးသီး ကနာမည်ကြီးသီချင်းတွေကို တရုတ်လူမျိုးများနဲ့အတူ အိန္ဒိယကျွမ်းကျင်သူနဲ့မော်စကိုကျွမ်းကျင်သူတို့ ကလည်းပါဝင်သီဆိုထားပါတယ်ရှင်၊နောက်တစ်ခုကတော့ ကျွန်ုပ်တို့ရဲ့စီအာအိုင် ဆိုတဲ့ခေါင်းစဉ်လေးနဲ့

ဝန်ထမ်း၂ ယောက်ကဟာသလေးကပရိသတ်ရဲ့စိတ်ကိုဆွဲငင်ယူသွားနိုင်တယ်လေ၊တော်တော်ကောင်း တယ်။အတိုင်အဖောက်ညီညီပရိသတ်ပျော်ရအောင် ဟာသလေးလုပ်ပေးသွားပါတယ်၊နောက်အစီအ စဉ်တစ်ခုကပိုစိတ်ဝင်စားဖို့ကောင်းတယ်သိလား။

ဘာလို့လဲဆိုတော့အာဖရိကလူမျိးတစ်ယောက်ဖြစ်တဲ့(ဆာရာရီယမ်လူမျိုး)မာလိရားက တရုတ်လူမျိုးနဲ့လက်ထပ်ချင်တယ် ဆိုတဲ့သီချင်းလေးကို အကအဖွဲ့နဲ့အတူမြူးမြူးကြွကြွသီဆိုကပြဖျော် ဖြေသွားတယ်။သူကပြောတယ်သိလား၊သူတို့နိုင်ငံစစ်ပွဲပြီးတာမကြာသေးလို့အရမ်းဆင်းရဲတယ်တဲ့၊ပြီး တော့သူက shi jie xiao jie da cai ဆိုတဲ့ ကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာဝင်ပြိုင်ပြီးတော့ ပထမဆုရခဲတယ် တဲ့၊နောက်ပြီးcctvအစီအစဉ်တစ်ခုဖြစ်တဲ့၂၀၀၇ခုနှစ်က xin guan da dao ဆိုတဲ့အစီအစဉ်မှာလည်း ပါဝင်ခဲ့ဖူးတယ်၊သူတရုတ်ပြည်ကိုစရောက်တုန်းကဆိုဘာမှသေချာမသိသေးဘူး၊မကျွမ်းကျင်သေးဘူး ပေါ့နော်၊အဲဒိအချိန်မှာသူနေမကောင်းဖြစ်တယ်၊အဲတော့သူနဲ့သိပ်မရင်းနှီးသေးပေမဲ့သူ့ကိုအရမ်း ဂရုတ စိုက်နဲ့ကြင်ကြင်နာနာကူညီပေးတဲ့တရုတ်သူငယ်ချင်းမလေးတစ်ယောက်ရှိတယ်တဲ့၊ဒါကြောင့်သူက တရုတ်လူမျိုးတွေကကြင်နာသနားတတ်ပါလား၊ကူညီရိုင်းပင်းတတ်ပါလားဆိုပြီး အတော်ကိုချစ်ခင် သွားရာက သူကလေသူကိုယ်တိုင်တောင်တရုတ်လူမျိုးတစ်ယောက်ဖြစ်လိုက်ချင်နေပါတယ်တဲ့လေ။

ပြီးတော့ မာလိရားရဲ့မေမေက ဟော်လန်နိုင်ငံမှာရှိတာတဲ့၊ဒါပေမဲ့ မေမေရှိတဲ့ ဟော်လန်မှာလည်းမေမေ နဲ့ အတူမနေချင်ပါဘူးတဲ့၊သူအခုတရုတ်ပြည်မှာ နေထိုင်မှုဘ၀က ဖြောင့်ဖြူးလှတာမဟုတ်ပါဘူး၊တစ်ခါ တစ်ခါမှအရမ်းကိုခက်ခဲပါတယ်တဲ့၊ အဲဒိအချိန်တွေမှာဆိုလည်းတရုတ်လူမျိုးသူငယ်ချင်းတွေက သူ့ကို အကူအညီပေးတတ်ပါတယ်တဲ့၊သူ့စိတ်လေးက သိပ်လေးစားဖို့ကောင်းတဲ့အချက်ရှိတယ်သိလား၊အဲဒါ ကဘာလဲဆိုတော့ သူရှာဖွေလို့ရတဲ့ ပိုက်ဆံထဲကခွဲပြီးတော့ သူ့နိုင်ငံအတွက်လှုပေးတယ်၊ပြီးတော့ တရုတ်ပြည်စီချွမ်းငလျင်တုန်းကဆိုရင်လည်း ဆေးတွေဝယ်ပြီးကယ်ဆယ်ရေးလုပ်ငန်းမှာ အားသွန်ခွန် စိုက်လုပ်ခဲ့တာတဲ့ရှင်၊ဒါကြောင့်လေ မာလိရားလေးဟာတရုတ်လူမျိုးကို အရမ်းအရမ်းချစ်တဲ့ အာဖကန် မိန်းကလေးတစ်ယောက်ပါပဲလေ။

နောက်အစီအစဉ်က စီအာအိုင်ဝန်ထမ်းများပါဝင်တဲ့ ရိုးရာအက တစ်မျိုးဖြစ်ပါတယ်၊အဲအက ကလည်း တော်တော်လေးပရိသတ်ကြိုက်ပါတယ်၊ဆက်ပြီးတော့စီအာအိုင် တရုတ်လူမျိုးရုရှားသီချင်းဆိုပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ သူရဲ့သီဆိုမှုအစီအစဉ်လေးပေါ့ရှင်၊

နောက်တစ်ပတ်ဆက်ရန်…

 

 

   Webradio