Reference News ဝက်ဘ်ဆိုဒ်၏ မတ်လ ၁၃ ရက်နေ့ သတင်းအရ ဆော်ဒီအာရေးဗီးယား “Arab News” သတင်းစာဝက်ဘ်ဆိုဒ်တွင် မတ်လ ၁၀ ရက်နေ့က “အမေရိကန်သည် ၎င်း၏ လူမျိုးတုံးသတ်ဖြတ်မှု သမိုင်းကြောင်းကို ဖြေရှင်းရန် ပျက်ကွက်မှုအတွက် ပေးဆပ်ရသည်” ခေါင်းစဉ်ဖြင့် ဆောင်းပါးဖော်ပြခဲ့ကြောင်း သိရသည်။ စာရေးသူမှာ အမေရိကန်နိုင်ငံ Newlines Institute for Strategy and Policy အထူးပရောဂျက်ဌာန ဒါရိုက်တာ Dr. Azeem Ibrahim ဖြစ်သည်။ အပြည့်အစုံကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြလိုက်သည်။
“လူမျိုးတုံးသတ်ဖြတ်မှု” ဟူသော ဝေါဟာရသည် ၁၉၄၈ ခုနှစ် “လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာပဋိညာဉ်စာချုပ်” ၌ ရှင်းလင်းတိကျသော ဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည်။ ၎င်းသည် အမျိုးသား၊ လူသားမျိုးနွယ်၊ လူမျိုး သို့မဟုတ် ဘာသာရေးအုပ်စု တစ်စုအား ရက်ရွယ်ချက်ရှိရှိ အလုံးစုံဖျက်ဆီးမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်းဖျက်ဆီးမှုကို ရည်ညွှန်းသည်။
လူမျိုးတုံးသတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ရောထွေးအသုံးပြုခြင်း သည် လူမျိုးတုံးသတ်ဖြတ်မှု၏ အဓိပ္ပါယ်ကို ဝေဝါးသွားစေပြီး ယင်းသည် လူမျိုးတုံးသတ်ဖြတ်မှု သမိုင်းကြောင်းရှိခဲ့ပြီး ပြန်လည်ထုတ်ဖော်ပြောကြားခြင်း မပြုလိုတော့သည့် နိုင်ငံများစွာ၏ အကျိုးစီးပွားနှင့် ကိုက်ညီနေပါသည်။
ဥပမာအားဖြင့် အမေရိကန် ဖြစ်သည်။ အမေရိကန်လူမျိုးများကို ၎င်းတို့၏ သမိုင်းကြောင်းကို လေးနက်ပြီး အပြုသဘောဆောင်သည့်ပုံစံဖြင့် ရင်ဆိုင်ရန်မှာ နိုင်ငံရေးအရ အခက်ခဲဆုံး တာဝန်တစ်ခုဖြစ်သည်။ ကျွန်စနစ်သမိုင်းနှင့် အမွေအနှစ်မှသည် ကွန်ဖက်ဒရိတ်အထိမ်းအမှတ်အဆောက်အအုံအထိ အမေရိကန်၏သမိုင်းကို ပကတိ အတိုင်း အပြုသဘောဆောင်စွာ ရှုမြင်သုံးသပ်ရန် တိုက်တွန်းမှုများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။
သို့သော် အတိတ်ကို ရိုးရိုးသားသား ရှုမြင်သုံးသပ်ရန် ငြင်းဆန်ခြင်းသည် ကျွန်ုပ်တို့ကို တန်ဖိုးကြီးကြီး ပေးဆပ်ရစေပါသည်။ ပြည်တွင်း၌ ဤကဲ့သို့ငြင်းဆန်မှုသည် ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုထားခြင်း ပင် ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ဤနိုင်ငံရှိ ကျွန်စနစ်နှင့် လူမျိုးရေး ခွဲခြားမှုသမိုင်းကြောင်းကို အမေရိကန်လူမျိုးများက ပိုမို၍ စတင်ရှုမြင်သုံးသပ်လာကြပြီး ယင်းတို့သည် ယနေ့ခေတ်တွင် အမေရိကန်နှင့် အာဖရိက အနွယ်ဖွား အမေရိကန်များအပေါ် သက်ရောက်မှုများ ရှိနေဆဲဖြစ်ကြောင်းကို ပိုမိုသိရှိလာကြသည်။
သို့သော် ကျွန်ုပ်တို့တွင် အမေရိကရှိ ဌာနေတိုင်းရင်းသားများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ၏ သမိုင်းနှင့် အကျိုးသက်ရောက်မှုများအကြောင်း အလားတူအသိအမြင် မရှိပါ။ အမေရိကရှိ ဌာနေတိုင်းရင်းသားများသည် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် စီးပွားရေး အခွင့်အလမ်းများမှ စနစ်တကျ ဖယ်ထုတ်ခံထားရပြီး ၎င်းတို့၏ အသက်ရှင်တည်မြဲပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် ချမ်းသာသုခ ရပိုင်ခွင့်တို့သည် မကြာခဏ ကန့်သတ်ခံနေရသည်။
နိုင်ငံတကာတွင် ပေးဆပ်ရမှုက ပို၍တောင် မြင့်မားပါသည်။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာပေါ်တွင် အမေရိကန်၏ အသာစီးရနေရာသည် ကိုယ်ကျင့်တရားဆိုင်ရာ ဦးဆောင်မှုအပေါ် အခြေခံထားသည်။ အီရတ်စစ်ပွဲ၊ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း၊ “အာရပ်နွေဦး” တွင် အမေရိကန်၏ ရှုံးနိမ့်မှုနှင့် ထရန့် သမ္မတ ဖြစ်လာခြင်းတို့ကို ဖြတ်သန်းအပြီးတွင် မည်သည့်နိုင်ငံမှ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရား ဆိုင်ရာ သြဇာတန်ခိုးနှင့် ခေါင်းဆောင်မှုကို မယုံကြည်ကြတော့ပေ။
ကျွန်ုပ်တို့သည် မိမိကိုယ်ကို မှန်ဖြင့်ကြည့်ရန် ငြင်းဆိုနေချိန်တွင် အခြားသူများ၏ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရာဇဝတ်မှုများ” ကို အလွယ်တကူ ဝေဖန်ပြစ်တင်နေတတ်သည်။ ဤအမှန်တရားကို အားလုံးက ကြည့်လိုက်သည်နှင့် မြင်နိုင်ပါသည်။