辛甜

တတိယအကြိမ် ရုရှား-ယူကရိန်းဆွေးနွေးမှုတွင် လက်တွေ့ကျသောရလဒ်မရှိ၊ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု ဆက်လက်လုပ်ဆောင်မည်

(GMT+08:00)2022-03-08 13:50:55  

ဒေသစံတော်ချိန် မတ်လ ၇ ရက်နေ့ညတွင် တတိယအကြိမ် ရုရှား-ယူကရိန်း ဆွေးနွေးမှု ပြီးဆုံးပြီးနောက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက အပစ်အခတ် ရပ်စဲမှုနှင့် ရန်လိုသည့် လှုပ်ရှားမှုများရပ်စဲရေးတို့ကို ရုရှားနှင့်ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအရေးကိစ္စသည် လက်ရှိအထိ လက်တွေ့ကျသော ရလဒ်များ မရှိသေးဟု ဆိုသည်။ ယူကရိန်းသမ္မတရုံးအကြံပေး MykhailoPodolyak ကလည်း တတိယအကြိမ် ရုရှား-ယူကရိန်းဆွေးနွေးမှုတွင် အခြေအနေကောင်းမွန် လာနိုင်စေသည့် ရလဒ်မရရှိခဲ့ဟု ဆိုသည်။

သို့သော် MykhailoPodolyak က နှစ်ဦးနှစ်ဖက်သည် လူသားချင်းစာနာထောက်ထားမှု ကူညီရေးလမ်းကြောင်းနှင့် ကုန်စည်စီးဆင်းပို့ဆောင်မှု ကောင်းမွန်လာစေရေးအပိုင်းတွင် ရလဒ်အနည်းငယ်ရရှိခဲ့ကြောင်း၊ ယင်းသည် ဒေသခံပြည်သူများအား ထိရောက်စွာ ကူညီ ကယ်ဆယ်ရေးနှင့် ကူညီရေးကိုအာမခံရန်အတွက် အကျိုးပြုကြောင်း ပြောကြားခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Vladimir Medinsky ကမူ လူသားချင်း စာနာထောက်ထားမှုစင်္ကြံအား မနက်ဖြန်မှစ၍ ဖော်ဆောင်နိုင်ရန် ရုရှားက မျှော်လင့်ပြီး ယူကရိန်းဘက်ကလည်း ယင်းအတွက် အာမခံမှုပေးခဲ့ကြောင်း၊ ရုရှားက ယူကရိန်းနှင့် Brest ၌ ဆွေးနွေးမှုတွင် မျှော်လင့်ချက်များ မဖော်ဆောင်နိုင်ခဲ့ကြောင်းပြောဆိုသည်။

ရုရှားအောက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ Leonid Slutsky ကလည်း ဆွေးနွေးမှုပြီးနောက် ရုရှားကလူသားချင်းစာနာထောက်ထားမှုစင်္ကြံမှတစ်ဆင့် ပြည်သူများ အောင်မြင်စွာ ဆုတ်ခွာနိုင်ရန် မျှော်လင့်ကြောင်း၊ ယူကရိန်းနှင့် ဆွေးနွေးမှု ကိုလည်း ဆောလျင်စွာ ကျင်းပသွားမည်ဖြစ်သော်လည်း ရုရှားက နောက်တစ်ကြိမ် ဆွေးနွေးမှုရလဒ်အတွက် မျှော်လင့်ချက်မထားရှိထားကြောင်း ဆိုသည်။

စတုတ္ထအကြိမ်ဆွေးနွေးမှုကို မကြာခင် ဘီလာရုဇ်၌ ကျင်းပသွားမည်ဟုလည်း Leonid Slutsky ကဖြည့်စွက် ပြောကြားခဲ့သည်။

ဆွေးနွေးမှုပြီးဆုံးပြီးနောက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့က ရဟက်ယာဉ်ဖြင့် ဘီလာရုဇ်နိုင်ငံ Brest မှ ထွက်ခွာသွားပြီဖြစ်သည်။