邹立莹

ဟောင်ကောင်နှင့်ပတ်သက်သော ဥရောပလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ဟောင်ကောင် နိုင်ငံရေးလောက ပြစ်တင်ရှုတ်ချ

(GMT+08:00)2022-01-24 13:58:39  

ဥရောပလွှတ်တော်သည် ဟောင်ကောင်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို မကြာမီက အတည်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ ဟောင်ကောင်နိုင်ငံရေးလောကမှ ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပါသည်။ သက်ဆိုင်ရာနိုင်ငံရေးသမားများအား တရုတ်နိုင်ငံကို ဆန့်ကျင်ပြီး ဟောင်ကောင်ဒေသကို အနှောင့်အယှက်ပေးနေသည့် နိုင်ငံရေးလုပ်ရပ်ကို ချက်ချင်းရပ်စဲပြီး မည်သည့်ပုံစံဖြင့် မဆို တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုအား ချက်ချင်းရပ်စဲရန် တောင်းဆို ခဲ့ပါသည်။

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှ ကိုယ်စားလှယ်များသည် မကြာမီက ကြေညာချက်ကို ထုန်ပြန်ခဲ့ရာ ဥရောပလွှတ်တော်၏ ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြပါသည်။ ဥရောပလွှတ်တော်အား သမိုင်းနှင့် အဖြစ်မှန်ကို လေးစားပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူများကို လိုက်နာကာ တရုတ်ပြည်တစ်ပြည်၊ စနစ်နှစ်မျိုးကို သားပုပ်လေလွင့် ပြောဆိုခြင်းနှင့် တရုတ်နိုင်ငံကို ဆန့်ကျင်ပြီး ဟောင်ကောင်ဒေသကို အနှောင့်အယှက် ပေးရန် လုပ်ရပ်ကို ချက်ချင်းရပ်စဲဖို့ တောင်းဆိုခဲ့ပါသည်။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဝင် ထန်ယောက်ဇုံ က ဥရောပလွှတ်တော်၏ ဆုံးဖြတ်ချက်မှာ စံနှုန်းနှစ်မျိုးထားခြင်းဖြစ်ကြောင်း၊ ဟောင်ကောင် အရေးကိစ္စဖြင့် တရုတ်နိုင်ငံကို မဟုတ်မမှန်ပုတ်ခတ်ပြောဆိုရန် ကြံစည်ပြီး နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံမူကို အတိအလင်း ချိုးဖောက်ကြောင်း ပြောကြားခဲ့ပါသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးအဖွဲ့ဝင် ၈၈ ဦးတို့သည် မကြာမီက ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ဥရောပလွှတ်တော်အား နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံမူများကို အတိအလင်းချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည့် ဟောင်ကောင်အရေးကိစ္စကို ထင်သလို ဝင်ရောက်စွက်ဖက် ခြင်းအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါသည်။

Democratic Alliance for the Betterment and Progress of Hong Kong(DAB)၊Hong Kong Federation of Trade Unions(HKFTU)၊New People's Party နှင့် Liberal Party တို့သည်လည်း ကြေညာချက်ကို အသီးသီးထုတ်ပြန်ခဲ့ရာ ဥရောပလွှတ်တော်အား ဟောင်ကောင်အရေးကိစ္စကို အနှောင့်အယှက်ပေးခြင်းအား ပြစ်တင်ရှုတ်ချပြီး ဥရောပ လွှတ်တော်အား တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု ချက်ချင်းရပ်စဲရန် တိုက်တွန်းခဲ့ပါသည်။