၁၉၆၁ခုနှစ် ဧပြီလ ၁၂ရက်နေ့က ယခင် ဆိုဗီယက်ယူနီယံ အာကာသယာဉ်မှူးYuri Gagarin ဟာ “Восток-1”အာကာသယာဉ်နဲ့ အာကာသထဲမှာ မြေကမ္ဘာကို လှည့်ပတ်ခဲ့ပြီး မြေပေါ်ကို ပြန်ရောက်ခဲ့ကာ အာကာသထဲမှာ လူသားရဲ့ ပထမဆုံးအကြိမ် စူးစမ်းလေ့လာမှုကို ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလ ၇ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံက နှစ်စဉ် ဧပြီလ ၁၂ရက်နေ့ကို လူပါအာကာသ ပျံသန်းမှု နိုင်ငံတကာနေ့ (International Day of Human Space Flight)အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သင်က ကြီးမားကျယ်ပြောလှတဲ့ အာကာသအပေါ် စိတ်ပါဝင်စားမှု အပြည့်အဝ ရှိတယ် ဆိုရင် အာကာသရဲ့ လျှို့ဝှက်ချက်ကို အတူတူကြည့်ကြရအောင်။
--အလေးချိန်မဲ့ ဖြစ်တဲ့အခါ အိပ်ပျော်နိုင်လား။--
တကယ်တော့ အာကာသယာဉ်မှူးတွေက မျောနေတဲ့ အိတ်တွေထဲမှာ အိပ်ရတယ်။ လူကို နံရံ၊ မျက်နှာကြက်ပေါ်မှာ ကြိုးနဲ့ ဆွဲထားတဲ့အတွက် ကျောနဲ့ ဘေးနားတွေက ထိတွေ့ ခံစားမှု လုံးဝ မရှိဘူး။ အာကာသယာဉ်မှူးတစ်ချို့က ဒီလို အိပ်စက်နည်းနဲ့ လိုက်လျော ညီထွေမှု မရှိတဲ့အတွက် အိပ်ဆေး သောက်ဖို့ လိုတယ်၊ တစ်ချို့ကတော့ အဲဒီလို ထူးဆန်းတဲ့ ပတ်ဝန်းကျင်ထဲမှာလည်း အိပ်ပျော်နိုင်တယ်။
--အာကာသယာဉ်မှူးရဲ့ အင်္ကျီတွေက ဝတ်တဲ့အခါမှာ သက်တောင့်သက်သာ ရှိသလား။--
အာကာသယာဉ်မှူးတွေ လေဟာနယ် ပတ်ဝန်းကျင်ထဲမှာ ပုံမှန်နေထိုင်စေဖို့အတွက် အာကာသအင်္ကျီရဲ့ ကုန်ကျစရိတ်က အရမ်း ဈေးကြီးတယ်။ အာကာသယာဉ် အတွင်းသုံးတဲ့ အင်္ကျီတစ်ထည်ဆိုရင် တရုတ်ငွေ ယွမ် ၂သိန်းကျော် တန်ပြီး အလေးချိန် ကီလိုဂရမ်၂၀လောက် ရှိတယ်။ အာကာသယာဉ်အပြင်သုံး အင်္ကျီတစ်ထည်ဆိုရင် တရုတ်ငွေ ယွမ် သန်း၂၀၀ကျော် တန်ပြီး အလေးချိန် ကီလိုဂရမ် ၁၂၀ကျော်ရှိတယ်။
အာကာသအင်္ကျီတွေဟာ သက်တောင့်သက်သာရှိရေးနဲ့ လုံခြုံရေးနယ်ပယ်မှာ အထူးတောင်းဆိုချက်တွေ ကလွဲပြီး ရိုးရိုးအင်္ကျီနဲ့ သိပ်မကွာဘူး။ အလေးချိန်မဲ့ဖြစ်တဲ့ အခြေအနေမျိုးမှာ အာကာသ အင်္ကျီကို ဝတ်တဲ့အခါမှာ စင်စစ်အားဖြင့် အာကာသယာဉ်မှူးက အင်္ကျီထဲမှာ မျောနေသလိုနဲ့ တူပြီး အင်္ကျီ ရှိ မရှိ ဆိုတာတောင် မခံစားနိုင်ပါဘူး။
--အာကာသထဲမှာလမ်းပျောက်နိုင်သလား။--
အပေါ် နဲ့ အောက် ဆိုတဲ့ ခံစားချက် မရှိတဲ့အတွက်ကြောင့် အာကာသ ယာဉ်မှူးတွေက အမှတ်အသားတွေ မှီခိုပြီး အပေါ် နဲ့ အောက်ကို သတ်မှတ်ထားတယ်။ အာကာသထဲမှာ လမ်းလျှောက်ရင် အရမ်းပေါ့ပါးတယ်၊ အာကာသ ယာဉ်မှူးတွေက နေရာတိုင်းမှာ လမ်းလျှောက်ဖို့ မြန်မြန်ပဲ အကျင့်ရလာကြပါတယ်။
--အာကာသထဲမှာ အစားအစာ စားတဲ့အခါမှာ ဘယ်လိုခံစားချက်ရှိသလဲ။--
အာကာသထဲမှာ အစားအစာတွေကလည်း လူတွေလိုပဲ နေရာတကာ မျောနေလေ့ ရှိတယ်။ အစားအစာကို အလွယ်တကူ စားဖို့အတွက် အစဦးပိုင်းက အမေရိကန်နဲ့ ယခင် ဆိုဗီယက်ယူနီယံတို့ဟာ အာကာသယာဉ်မှူးတွေရဲ့ အစားအစာအားလုံးကို ပျစ်ခဲနေအောင် ချက်ပြုတ်ပြီး စားတဲ့အခါမှာ သွားတိုက်ဆေးသုံးတဲ့နည်းလိုပဲ၊ အရသာ လုံးဝမရှိဘူး။ နည်းပညာတိုးမြှင့်လာတာနဲ့အမျှ တရုတ်အာကာသယာဉ်မှူးတွေဟာ ကြိုက်သလို စားနိုင်လာပါတယ်။ တရုတ်အာကာသယာဉ်မှူးတွေရဲ့ နံနက်စာဟာ ဆန်ပြုတ်၊ ပေါင်မုန့်စတဲ့ အစားအစာ ၇မျိုးရှိတယ်၊ နေ့လည်စာဟာ ထမင်းကြော်၊ ခေါက်ဆွဲကြော် စတဲ့ အစားအစာ ၈မျိုး ရှိတယ်၊ ညစာကတော့ ပဲတီစိမ်း ခေါက်ဆွဲကြော်၊ အမဲသား မြီးရှည် စတဲ့ အစားအစာ ၈မျိုး ရှိတယ်၊ အပိုစာ ဆိုရင်တော့ ၅မျိုးပါ ပါတယ်။ ဒါတင်မကပဲ အာကာသထဲမှာ လက်ဖက်ရည်လည်း သောက်လို့ရပါတယ်။
--အာကာသထဲမှာ တစ်ခေါက်သွားပြီးရင် အရပ်ပိုမြင့်လာနိုင်တယ်လို့ ကြားတယ်။--
အလေးချိန်မဲ့ ဖြစ်တဲ့အခြေအနေမျိုးမှာ ကျောရိုးဆစ်ဟာ ကမ္ဘာ့ဆွဲအား မခံရတဲ့အတွက် ပိုရှည်လာလေ့ရှိတယ်၊ လူ့အရပ် ၁-၂ လက်မ တိုးလာလေ့ ရှိတယ်။
--အာကာသယာဉ်မှူးတွေက အားလပ်ချိန်မှာ ဘာတွေလုပ်လေ့ရှိသလဲ။--
သူတို့ဟာ ဝါသနာအမျိုးမျိုး ရှိတယ်။ အချို့က ကွန်ပျူတာနဲ့ စာဖတ် ဒါမှမဟုတ် မိသားစုဝင်များကို အီးမေးလ် ပို့ကြတယ်၊ အချို့က တေးဂီတနားထောင် ဒါမှမဟုတ် ကစားလေ့ရှိတယ်၊ အချို့ကတော့ မြေကမ္ဘာမှာရှိတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေ၊ တခြား လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထွေရာလေးပါး ပြောလေ့ရှိတယ်။ ဒါပေမယ့် အာကာသယာဉ်မှူး အများစုဟာ အာကာသစခန်းကို ဝင်ဝင်ချင်း အားလပ်ချိန်အများစုမှာ ပြတင်းပေါက် အနားမှာရပ်ပြီး အာကာသကို လှမ်းမျှော်ရင်း မြေကမ္ဘာကို မျက်ခြည်မပြတ် ကြည့်လေ့ရှိတယ်။
--အာကာသထဲမှာ ဘာအနံ့ရှိပါသလဲ။--
အာကာသထဲမှာ လမ်းလျှောက်ဖူးတဲ့ အာကာသယာဉ်မှူးတွေက အာကာသကို အနံ့ခံ ကြည့်ရင် အမဲသားတုံးကြီးကို မီးလောင်ပြီး ကျွမ်းသွားတဲ့အနံ့၊ အပူရှိန် အရမ်းပြင်းတဲ့ သတ္တုထည်ရဲ့အနံ့နဲ့ သတ္တုနဲ့ မီး ဆက်တဲ့အခါမှာ ထွက်တဲ့ အခိုးအငွေ့ အနံ့ဆိုးတွေနဲ့ တူတယ်။
--တိတ်ဆိတ်တဲ့ အာကာသထဲမှာ အသံရှိသလား။--
ကျွန်တော်တို့သိတဲ့အတိုင်း အသံ ထုတ်လွှင့်ဖို့ ကြားခံပစ္စည်း လိုတယ်၊ လေဟာနယ် ထဲမှာ အသံ ထုတ်လွှင့်လို့ မရဘူး။ အာကာသဟာ လေဟာနယ် ပတ်ဝန်းကျင်နဲ့ နီးကပ်တဲ့အတွက်ကြောင့် အာကာသထဲမှာ အသံ မရှိတာနဲ့ တူတယ်၊ သင့်အနားမှာ အာကာသယာဉ် ပေါက်ကွဲရင်တောင်မှ တိတ်ဆိတ်နေပါတယ်။