邹立莹

တရုတ်-အိန္ဒိယ ဒသမအကြိမ် တပ်မှူးအဆင့် ဆွေးနွေးပွဲကျင်းပ

(GMT+08:00)2021-02-22 13:19:04  

ဖေဖော်ဝါရီလ ၂၀ရက်နေ့က တရုတ်၊အိန္ဒိယ နှစ်နိုင်ငံတပ်မတော်သည် Moldo/Chushul၏ တရုတ်ဘက်တွင် ဒသမအကြိမ် တပ်မှူးအဆင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းကိုကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါသည်။

နှစ်ဖက်တို့သည် Bangongကန်ဒေသ၌ ရှေ့တန်းတပ်ဖွဲ့များ ထိတွေ့မှုမှ ရုပ်သိမ်းခြင်းအပေါ် ချီးကျူးကြကြောင်း၊ ယင်းသည် အရေးကြီးတိုးတက်မှု တစ်ခုဖြစ်ပြီး တရုတ်-အိန္ဒိယနယ်စပ်အနောက်ပိုင်း ထိန်းချုပ်မျဉ်းကြောင်းဒေသ၌ အခြားပြဿနာကိုဖြေရှင်းရန် အခြေခံတင်ပေးနိုင်သည်ဟု ယူဆကြကြောင်း သိရသည်။

နှစ်ဖက်တို့သည် အနောက်ပိုင်း ထိန်းချုပ်မျဉ်းကြောင်းဒေသ၌ အခြား ပြဿနာများနှင့်ပတ်သက်၍ ပွင့်လင်းနက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီမှုအတိုင်း ကူးလူးဖလှယ်မှုကို ဆက်လက်ထိန်းထားပြီး လက်ရှိအခြေအနေကို တည်ငြိမ်စေ၍ ထိန်းချုပ်ထားကာ နှစ်ဖက်တို့ လက်ခံနိုင်ကြသော ဖြေရှင်းရေးနည်းလမ်းကို ခြေလှမ်းမှန်မှန်ဖြင့် စနစ်တကျရရှိ၍ နယ်စပ်ဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူထိန်းသိမ်းကြရန် သဘောတူကြကြောင်း သတင်း ရရှိပါသည်။