ယခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့သည် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ကျင်းပရန် ၁နှစ် လိုတော့သည့် အထိမ်းအမှတ်နေ့ဖြစ်သည်။
လွန်ခဲ့သည့် ၁နှစ်တွင် ကိုဗစ်၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားပြီး နိုင်ငံတကာ အိုလံပစ် အားကစား အပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း၊ ၂၀၂၀ပြည့်နှစ် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကိုလည်း ရွှေ့ဆိုင်းကျင်းပခဲ့ရကြောင်း၊ ဥရောပ ဘောလုံး ပူးတွဲပြိုင်ပွဲများ အပါအဝင် အားကစားပြိုင်ပွဲကြီးများသည်လည်း ကြီးမားသည့် ဆုံးရှုံးနစ်နာမှု ခံခဲ့ရကြောင်း China Media Groupက ဖော်ပြသည်။
ယခုနှစ် ဇန်နဝါရီလတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်နှင့် မသန်စွမ်းသူ ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်၏ ပြင်ဆင်ရေး လုပ်ငန်းကို စစ်ဆေးကြည့်ရှုပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဘာဟ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် အပေါ် လွန်စွာ အလေးထားခြင်းနှင့် မူလ အစီအစဉ်အတိုင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ကျင်းပရန် ယုံကြည်မှုကို ဖော်ပြခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာ အတွက် ယုံကြည်စိတ်ချမှုကို ဆောင်ကြဉ်းလာကြောင်း China Media Groupက ဖော်ပြသည်။
ယင်းယုံကြည်မှုသည် တရုတ်ပြည်၏ ကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ရေး အောင်မြင်မှုနှင့် စီးပွားရေး နာလန်ပြန်ထူလာခြင်း အပေါ်တွင် မူတည်သလို ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ၏ ပြင်ဆင်ရေး လုပ်ငန်း စနစ်တကျ တွန်းအားပေးနိုင်ခဲ့ခြင်း အပေါ်တွင်လည်း မူတည်ကြောင်း၊ ယခုအထိ ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ကျင်းပမည့် အားကစားကွင်းနှင့် အားကစားရုံ ၁၂ခုစလုံးကို လျာထားသည့် အတိုင်း ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ ပီကင်း-ကျန်းကျားခို ကျည်ဆန် ရထားလမ်းနှင့် ပီကင်း-ချုံလီ ကျည်ဆန်ရထားလမ်းကိုလည်း စတင် ပြေးဆွဲခဲ့ကြောင်း၊ တရုတ် လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်လုံးသည် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအပေါ် စိတ်အားထက်သန်မှု အပြည့်အဝ ရှိကြောင်း China Media Groupက ဖော်ပြသည်။
တရုတ်ပြည်သူများ၏ လက်တွဲ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်၏ ပြင်ဆင်ရေး လုပ်ငန်းများကို ချောမောစွာ တွန်းအားပေးနေကြောင်း၊ ကိုဗစ်၁၉ ကပ်ရောဂါ အခြေအနေမျိုးတွင် ကမ္ဘာသည် ယုံကြည်မှုနှင့် သွေးစည်းညီညွတ်မှုကို ပိုပြီး လိုအပ်ကြောင်း၊ ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်သည် ပေါင်းကူးတံတားတစ်ခု အနေဖြင့် ကမ္ဘာတစ်ဝန်း ပြည်သူများအား အကျပ်အတည်းကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းရေး၏ အရေးကြီးပုံနှင့် လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး၏ လက်တွေ့ကျသော အနက်အဓိပ္ပါယ်ကို ပိုမို နက်ရှိုင်းစွာ သိရှိနားလည်စေမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။