邹立莹

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးရေ ၃ သိန်းနှင့် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ကူညီပေးမည်

(GMT+08:00)2021-01-14 14:19:21  

 တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးရေ ၃ သိန်းနဲ့ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ပစ္စည်းများကို ထောက်ပံ့ကူညီပေးမယ်လို့ သတင်း ရရှိပါတယ်။

   တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း ပေးအပ်ပွဲ အခမ်းအနား တစ်ရပ်ကို မကြာမီက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ဟိုင်က၊ ဒီတစ်ကြိမ် ပေးအပ်လှူဒါန်းတဲ့ ဆေးပစ္စည်းတွေဟာ တရုတ်နိုင်ငံတော်ကောင်စီဝင်၊  နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံသို့ လာရောက်တဲ့ခရီးစဉ်မှာ အထူးလေယာဉ်ဖြင့် သယ်ဆောင် လာခြင်းဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံက တရုတ်-မြန်မာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားစွာ အလေးထားတာကို ပြဆိုထားပါတယ်။ ဝမ်ယိရဲ့ မြန်မာခရီးစဉ်အတွင်း နှစ်ဖက်တို့ဟာ ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ မြန်မာခရီးစဉ် အောင်ကျိုး ရလဒ်များ တစ်ဆင့်တိုး ဖေါ်ဆောင်ရေး၊ တရုတ်-မြန်မာ စီးပွါးရေး စင်္ကြံကို အရည်အသွေး မြင့်မားစွာ အတူ တည်ဆောက်ရေး စတာတွေနဲ့ ပတ်သက်ပြီး အရေးကြီး သဘော တူညီမှုများကို ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာပြည်ဘက်ရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို ဆက်လက် ကူညီထောက်ပံ့လိုပါတယ်၊ မြန်မာပြည်အား ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးရေ ၃ သိန်းကို ထောက်ပံ့ကူညီပေးမယ်လို့လည်း ကြေညာထားတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ အတူ အမြဲရပ်တည်မှာဖြစ်ပြီး ကူးစက်ရောဂါကို အောင်မြင်အောင် အတူတိုက်ဖျက်ပြီး စီးပွားရေး ပြန်လည်ရှင်သန်လာရေးကို အတူတွန်းအားပေးကာ တရုတ်-မြန်မာ အေးအတူပူအမျှဖြစ်တဲ့ ကံကြမ္မာတူ အသိုက်အဝန်းကို အတူတည်ထောင်သွားမယ်လို့ ပြောကြားပါတယ်။

  မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဆေးဝါးကုသရေး ပညာရှင်များအဖွဲ့ စေလွှတ်ပြီး ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွေ့အကြုံများ ဝေမျှကာ မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန၊ လေ့ကျင့်ရေးနဲ့ သုတေသနဌာနကို လျင်မြန်စွာ တည်ဆောက်၍ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ကာကွယ်ဆေး ထောက်ပံ့ကူညီရေးတို့ဟာ မြန်မာ ပြည်သူများရဲ့ အသက်လုံခြုံရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ပြီး မြန်မာနိုင်ငံရဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးယုံကြည်စိတ်ကိုလည်း တိုးမြှင့်ကာ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ရှင်သန် လာရေးအတွက် အခြေခံအုတ်မြစ်ချထားခဲ့တယ်လို့ ပြောကြားပါတယ်။