辛甜

တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် တရုတ်ပြည်၏ တံခါးဖွင့်ရေး တိုးမြှင့်ရန် သန္နိဋ္ဌာန်ကို ပြသ

(GMT+08:00)2020-12-02 13:27:45  

၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့က ကျင်းပ ပြီးစီးခဲ့ပါတယ်။ ဒီအကြိမ် ကုန်စည်ပြပွဲမှာ အွန်လိုင်း အော့ဖှ်လိုင်း ကူးသန်းရောင်းဝယ်မှု မြှင့်တင်ရေး လှုပ်ရှားမှု အကြိမ် ၁၅၀ ကျော် ကျင်းပပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် ၈၆ ခုကို စာချုပ် ချုပ်ဆိုကာ စုစုပေါင်း တန်ဖိုးဟာ ကုန်စည်ပြပွဲ အကြိမ်ကြိမ်မှာ အများဆုံး ဖြစ်ပါတယ်။
ဒီအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံများကို သံတမန်ရေးဆိုင်ရာ ဦးစားပေး အိမ်နီးချင်းနိုင်ငံများနဲ့ Belt and Road ကို အရည်အသွေး မြင့်မားစွာ တည်ဆောက် ရေးဆိုင်ရာ အဓိကဒေသအဖြစ် ထားနေကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ဆောက် ရေးကို ထောက်ခံကြောင်း၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုမှာ အာဆီယံရဲ့ ဗဟိုချက်မနေရာကို ထောက်ခံကြောင်း၊ တံခါးဖွင့်ပြီး သက်ညှာ ထောက်ထားတဲ့ ဒေသတွင်း မူဘောင်ကို တည်ထောင်ရာမှာ အာဆီယံက ပိုမို အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခြင်းကို ထောက်ခံကြောင်း ပြောကြားပါတယ်။ အဲဒါဟာ တရုတ်နဲ့အာဆီယံ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်ကို ညွှန်ပြပြီး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ယုံကြည်စိတ်ကို တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။
   ဒီနှစ်ဟာ တရုတ်-အာဆီယံ ဒီဂျစ်တယ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အဖြစ်နဲ့ ကျင်းပတဲ့ ဒီအကြိမ် အွန်လိုင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ လုပ်ငန်းကုမ္ပဏီ ၁၉၀၀ ကျော်တို့ ပါဝင် ခင်းကျင်းပြသပြီး သောင်းနဲ့ချီတဲ့ အွန်လိုင်း စေ့စပ်ဆွေးနွေးပွဲများကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီဂျစ်တယ် နည်းပညာကို အားကိုးပြီး အော့ဖှ်လိုင်း ကုန်စည်ပြပွဲ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပေမယ့် အွန်လိုင်း ကုန်စည်ပြပွဲကတော့ ဆက်လက် လည်ပတ်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ လုပ်ငန်းကုမ္ပဏီများဟာ တစ်နှစ်တာလုံး အစဉ်တစိုက် လည်ပတ်သွားမယ့် အွန်လိုင်း ကုန်စည်ပြပွဲမှာ စေ့စပ်ဆွေးနွေးမှုများ၊ ရောင်းဝယ်မှုများ ဆက်လက် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေဟာ တရုတ်နဲ့ အာဆီယံ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်တစ်ကြိမ် ၁၀ နှစ်တာ ရွှေကာလသို့ ဝင်ရောက်ဖို့ တွန်းအားပေးမယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။