宋冉

အမေရိကန်နဲ့ အနောက်မဟာမိတ်နိုင်ငံများအကြား အက်ကြောင်း ထင်ရှားလာနေ

(GMT+08:00)2020-08-13 16:16:32  

အမေရိကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ပြီးနောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှု ကိစ္စမှာ ဦးစီးပြုလုပ်ချင်သေးတယ်၊ အဲဒါအပေါ် မကျေမနပ် ဖြစ်နေတဲ့ ဂျာမဏီနဲ့ ပြင်သစ် နှစ်နိုင်ငံတို့ဟာ မကြာခင်က ဂျီ-၇ အဖွဲ့ရဲ့ ဒီကိစ္စဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့ကြတယ်။ အမေရိကန်ရဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆိုပြုချက်ဟာ လူသိရှင်ကြား မဖေါ်ပြသေးပေမယ့် အဆိုပြုချက်အကြောင်း သိရှိတဲ့ အနောက်နိုင်ငံမှ အရာရှိက၊ အမေရိကန်ရဲ့ အဲဒီ အဆိုပြုချက်ဟာ အလွန်အမင်း ဖြစ်ပြီး ဆင်ခြင်မှု ကင်းမဲ့တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တယ်။ ကိုဗစ်-၁၉ နိုင်ငံတကာမှာ ကူးစက်ပျံ့နှံ့နေတဲ့ အချိန်မှာ အမေရိကန်နဲ့ အနောက် မဟာမိတ်နိုင်ငံများအကြား အက်ကြောင်း ပိုပြီး ထင်ရှားလာနေတယ်။

ပြီးခဲ့တဲ့လ လဆန်းပိုင်းက အမေရိကန်အစိုးရက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တရားဝင် အကြောင်းကြားပြီး အမေရိကန်က ဇူလိုင်လ ၆ ရက်နေ့မှစပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ နုတ်ထွက်မယ်လို့ ရှင်းလင်းပြတ်သားစွာ ပြောခဲ့တယ်။ ဒါပေမယ့် ဦးလှည့်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းအပေါ် စွဲနေပြီ ဖြစ်တဲ့ အဲဒီ စူပါနိုင်ငံကြီးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြုပြင်ပြောင်းလဲမှုကိစ္စကို ဦးစီးလုပ်ဆောင်နိုင်ဖို့လည်း ကြံစည်တယ်။ တစ်ဖက်မှာ ကူးစက်ရောဂါ ထိန်းချုပ်ရေး တာဝန်ပျက်ကွက်မှုဆိုင်ရာ ကိုယ့်အပြစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပေါ် လွှဲချပစ်တယ်၊ တစ်ဖက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရှေ့အလားအလာကို ဦးစီးကွပ်ကဲချင်တယ်၊ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ စံတင်လောက်တဲ့ ဗိုလ်ကျစိုးမိုးရေးလုပ်ရပ် ဖြစ်တယ်။ နိုင်ငံတကာ မိသားစုကြီးမှ ဝိုင်းပယ်မှု ခံရတာဟာ သိပ်မဆန်းပါဘူး။

ဘာဖြစ်လို့ ဂျာမဏီနဲ့ ပြင်သစ် အပါအဝင် ဥရောပနိုင်ငံတို့က နိုင်ငံတကာရေးရာမှာ ရပ်တည်ချက်တွေဟာ အမေရိကန်နဲ့ ဝေးသည်ထက် ဝေးလာနေသလဲ၊ အရင်းခံ အကြောင်းရင်းဟာ ယခုနှစ်များက အမေရိကန်က ဥရောပနိုင်ငံများအား လေးစားမှု မရှိဘဲ မာနထောင်လွှားစွာ အကြိမ်ကြိမ် ခိုင်းစေကာ ဥရောပရဲ့ အကျိုးစီးပွါးကို ထပ်ခါတလဲလဲ ထိခိုက်ခဲ့တာကြောင့် ဖြစ်တယ်။ အမေရိကန်က Nord Stream 2 သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းစဉ်ကို အရေးယူ ပိတ်ဆို့မှု ပြုမယ်လို့ ခြိမ်းခြောက်ခဲ့တယ်၊ မကြာခင်ကလည်း ဂျာမဏီမှ တပ်ဖွဲ့ အမြောက်အမြား ရုပ်သိမ်းမယ်လို့ တစ်ဖက်သတ် ကြေညာခဲ့တယ်၊ အမေရိကန်ရဲ့ အဲဒီလိုမျိုး ဥရောပရဲ့ အကျိုးစီးပွါးကို ထိခိုက်တဲ့ လုပ်ဆောင်မှုများအပေါ် ဥရောပနိုင်ငံများက ကျေနပ်နိုင်ပါ့မလား။ အမေရိကန် နိုင်ငံရေးသမားတို့ဟာ နိုင်ငံတကာမှာ ဇွတ်အတင်း ဒီလို ဆက်လုပ်ရင် နိုင်ငံတကာ မိသားစုကြီးမှ ပိုမိုများပြားတဲ့ ပြစ်တင်မှုကို ခံရမည်သာ ဖြစ်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။