邹立莹

ပွန်ပေအိုရဲ့ ကုန်းချောစကားများ ယုံသူမရှိ

(GMT+08:00)2020-06-30 15:41:44  

မကြာခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုက တရုတ်-အာဖရိက COVID-19 ပူးတွဲတိုက်ဖျက်ရေး အထူးထိပ်သီးအစည်းအဝေးမှ အောင်ကျိုးရလဒ်များကို ပုတ်ခတ်ပြောဆိုပြီး တရုတ်ပြည်ရဲ့ အာဖရိကနိုင်ငံများအား ထောက်ပံ့ကူညီမှုဟာ အပေါ်ယံ ကတိပြုချက်သာ ဖြစ်တယ်လို့လည်း မဟုတ်မမှန် ပြောဆိုခဲ့တယ်။

ကူးစက်ရောဂါ ဖြစ်ပွါးခဲ့တဲ့နောက်ပိုင်း တရုတ်နဲ့ အာဖရိက နိုင်ငံများဟာ အပြန်အလှန် အားပေးထောက်ခံခဲ့ကြတယ်။ ကူးစက်ရောဂါ ဖြစ်ပွါးခဲ့ချိန်မှာ တရုတ်နိုင်ငံဟာ တရုတ်ပြည်ရှိ အာဖရိက နိုင်ငံသားများကို ကိုယ့်အိမ်သူအိမ်သားများလို ပြုစုစောင့်ရှောက် ပေးခဲ့တယ်။ ဟူပေပြည်နယ်နဲ့ ဝူဟန့်မြို့ရှိ အာဖရိက ပညာတော်သင် ၃၀၀၀ ကျော် ထဲမှာ တစ်ဦးသာ ရောဂါ ကူးစက်ခံရတယ်၊ အဲဒီကူးစက်ခံ ပညာတော်သင်ဟာ အချိန်မီ ကုသမှု ခံယူပြီး လျင်မြန်စွာ သက်သာလာခဲ့တယ်။ အာဖရိကနိုင်ငံများမှာ ကူးစက်ရောဂါ ဖြစ်ပွါးခဲ့တဲ့ အခါ တရုတ်နိုင်ငံဟာ အာဖရိကနိုင်ငံ ၅၀ ကျော်နဲ့ အာဖရိကသမဂ္ဂအား ဆေးပစ္စည်း အမြောက်အမြားကို ထောက်ပံ့ကူညီပေးပြီး အာဖရိကနိုင်ငံ ၁၁ နိုင်ငံသို့ ဆေးပညာရှင် အဖွဲ့များကို စေလွှတ်ခဲ့တယ်။ ကျွမ်းကျင်ပညာရှင်များ ဗီဒီယို အစည်းအဝေး အကြိမ်ပေါင်း ၃၀ ကျော် ကျင်းပခဲ့ပြီး အာဖရိကနိုင်ငံများမှာ ရေရှည် အလုပ်လုပ်နေတဲ့ တရုတ် ဆေးဝါး ကုသရေးအဖွဲ့ ၄၆ ဖွဲ့တို့ကလည်း ဒေသခံ ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းမှာ ပါဝင် ဆောင်ရွက်ခဲ့ကြတယ်။

ဆက်လက်ပြီး ပွန်ပေအိုက ဘာတွေများ လုပ်ခဲ့သလဲဆိုတာ ကြည့်ကြရအောင်။ ပွန်ပေအိုက နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ထောက်ပံ့ကူညီပေးမယ်လို့ အကြိမ်ပေါင်းများစွာ ကတိပြု ပြောဆိုခဲ့ပေမယ့် AP သတင်းဌာနမှ မကြာခင်က သတင်းအရ နိုင်ငံတကာ ထောက်ပံ့ကူညီရေးအဖွဲ့ ၂၀ ကျော်က အမေရိကန် အစိုးရအား စာပေးပို့ပြီး ကူးစက်ရောဂါ ဖြစ်ပွါးတဲ့ဒေသများသို့ ပို့ဆောင်တဲ့ အမေရိကန်ရဲ့ လူသားချင်း စာနာထောက်ထားမှု ပစ္စည်းများဟာ အလွန်နည်းပြီး ဒီ့ထက်မကလည်း မရှိဘူးလို့ ဖေါ်ပြ ခဲ့တယ်။ အာဖရိကနိုင်ငံများစွာကလည်း အမေရိကန်က ထောက်ပံ့ကူညီပေးတဲ့ ဆေးပစ္စည်း အမြောက်အမြား ဆိုတာကို ဘယ်တုန်းကမှ မရရှိဖူးဘူးလို့ ဖေါ်ပြခဲ့ကြတယ်။

ကတိပြုတဲ့ အတိုင်း မလုပ်တဲ့၊ အာဖရိက နိုင်ငံများအား ဗိုလ်ကျစိုးမိုးမှု ပြုလုပ်တဲ့၊ လူမျိုးချင်း အထင်သေးမှု ပြုလုပ်တဲ့လူဟာ ပွန်ပေအိုလို အမေရိကန် နိုင်ငံရေးသမားတို့ပဲ ဖြစ်တယ်လို့ အာဖရိကပြည်သူများ အပါအဝင် နိုင်ငံတကာ မိသားစုကြီးက ရှင်းရှင်းလင်းလင်း မြင်တွေ့ သိရှိကြတယ်။

အာဖရိကသမဂ္ဂ ကော်မတီ ဥက္ကဋ္ဌ ဖာကီက၊ အာဖရိကနဲ့ တရုတ်တို့ဟာ မိတ်ဆွေ ဖြစ်သလို ရဲဘော်လည်း ဖြစ်တယ်။ ဘာကိစ္စမဆို အာဖရိကနဲ့ တရုတ်တို့ရဲ့ ချစ်ကြည်မှုကို ပြောင်းလဲ သို့မဟုတ် ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တယ်။