宋冉

ပွန်ပေအို ကသာ အနောက်နိုင်ငံများရဲ့ အမှန်တကယ် ခြိမ်းခြောက်မှု ဖြစ်တယ်

(GMT+08:00)2020-06-03 15:35:30  

“အမေရိကန်သမိုင်းမှာ အညံ့ဆုံး ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး”လို့ လူအများက ခေါ်နေကြတဲ့ ပွန်ပေအိုဟာ မကြာခင်က ဖို့ခ်စ် သတင်းထောက်နဲ့ တွေ့ဆုံရာမှာ၊ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ အနောက်တိုင်း မဟာမိတ်နိုင်ငံများရဲ့ အကျိုးစီးပွါးကို ထိခိုက်စေပြီး အနောက်နိုင်ငံများအပေါ် ခြိမ်းခြောက်မှု ဖြစ်စေနေတယ်လို့ ဥရောပနိုင်ငံများအား ခြောက်လှန့် ပြောဆိုကာ ဥရောပနဲ့ အမေရိကန်တို့က တရုတ်ပြည်ကို ပူးတွဲ ရန်ဘက်ပြုရမယ်လို့လည်း သွေးထိုးလှုံ့ဆော်ခဲ့တယ်။

အမှန်တော့ နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွါးသာ ရှာကြံနေတဲ့ အမေရိကန် နိုင်ငံရေး သမားတို့ဟာ တကယ်စင်စစ် ဥရောပနိုင်ငံများရဲ့ အကျိုးစီးပွါးကို ဂရုပြုနေတာတော့ မဟုတ်ဘူး ဆိုတာ ဥရောပနိုင်ငံများက ရှင်းရှင်းလင်းလင်း သိရှိကြတယ်။ အမေရိကန်ဟာ ဥရောပနိုင်ငံများရဲ့ လေကြောင်းလုပ်ငန်းဆိုင်ရာ အခွန် တိုးကောက်ခဲ့တယ်၊ အမေရိကန်ဟာ ဟွာဝေးရဲ့ စက်ကိရိယာနဲ့ နည်းပညာကို အသုံးပြုတဲ့ ဥရောပ မဟာမိတ်နိုင်ငံများနဲ့ သတင်းအချက်အလက်များ မျှဝေခြင်းကို လျှော့ချပေးမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်၊ Nord Stream 2 သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းစဉ်တွင် ပါဝင်သည့် ဥရောပ လုပ်ငန်းကုမ္ပဏီများအား အရေးယူ ပိတ်ဆို့ခဲ့တယ်၊ အမေရိကန်ရဲ့ အဲဒီ လုပ်ရပ်တွေဟာ ဥရောပနိုင်ငံများအဖို့ အမေရိကန်ဟာ အားကိုးလို့ မရတဲ့၊ အန္တရာယ် ရှိတဲ့ အဖေါ် ဖြစ်တယ် ဆိုတာကို ပြသနေတယ်။ အဖြစ်မှန်ကတော့ ပွန်ပေအို ကိုယ်စားပြုတဲ့ အမေရိကန် နိုင်ငံရေးသမားတို့ဟာ ဥရောပကို “အမေရိကန် နံပါတ် ၁ ဖြစ်ရေး” ဆိုတာကို ဖေါ်ဆောင်နိုင်ဖို့ ကိရိယာ တစ်ခု အဖြစ် အသုံးပြုနေတာသာ ဖြစ်တယ်။

ကမ္ဘာ့ စူပါ နိုင်ငံကြီး တစ်နိုင်ငံ အဖြစ်နဲ့ အမေရိကန်ဟာ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရာမှာ ကမောက်ကမ ဖြစ်နေခဲ့တယ်။ မကြာခင်ကလည်း ရဲတို့ရဲ့ ကြမ်းတမ်းစွာ ဥပဒေ ကျင့်သုံးတာကြောင့် အာဖရိက အနွယ်ဖွား တစ်ဦး သေဆုံးခဲ့သဖြင့် လူအမြောက်အမြား ဆန္ဒပြနေကြတယ်။ အမေရိကန် ခေါင်းဆောင်က တပ်ဖွဲ့ကို အသုံးပြုပြီး လက်နက်အင်အားနဲ့ နှိမ်နင်းမယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်။ ဗြိတိန်၊ ဂျာမဏီ၊ ဒိန်းမတ် စတဲ့ ဥရောပနိုင်ငံသားများဟာ ကိုယ့်နိုင်ငံရှိ အမေရိကန်သံရုံးများကို ဝိုင်းဝန်းပြီး အမေရိကန် အသားမည်းလူမျိုးအား ထောက်ခံရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြတယ်။ ဆိုလိုတာက ဘယ်သူက အနောက်နိုင်ငံများ အပါအဝင် လူသားတစ်ရပ်လုံးရဲ့ ခြိမ်းခြောက်မှု ဖြစ်တယ် ဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိကြပါတယ်။

ကူးစက်ရောဂါဖြစ်ပွါးခဲ့တဲ့နောက်ပိုင်း တရုတ်နဲ့ ဥရောပတို့ အပြန်အလှန် အားပေးပြီး အပြန်အလှန် ထောက်ခံခဲ့ကြတယ်။ ဘယ်သူက မိတ်ဆွေ အစစ် ဖြစ်သလဲ၊ ဘယ်သူက မိတ်ဆွေအတု ဖြစ်သလဲ ဆိုတာ ဥရောပနိုင်ငံများနဲ့ ပြည်သူများ စိတ်ထဲမှာ ရှင်းလင်းပါတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။