张晓宁

ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ မျက်နှာစုံညီအစည်းအဝေး တက်ရောက်

(GMT+08:00)2020-05-27 15:31:17  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၆ ရက်နေ့ ညနေပိုင်းက ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ တပ်မတော် တစ်ရပ်လုံး အနေနှင့် အသိရှိရှိဖြင့် အတွေးအခေါ်နှင့် ဆောင်ရွက်မှုများကို တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စီမံ ဆုံးဖြတ်ချက်များနှင့် တညီတညွတ်တည်း ဖြစ်အောင် အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယုံကြည်စိတ် ခိုင်ခံ့စွာဖြင့် အခက်အခဲများကို ကျော်လွှား၍ ကူးစက်ရောဂါ ပုံမှန် ထိန်းချုပ်ကာကွယ်သည့် အခြေအနေတွင် တပ်မတော်၏ လုပ်ငန်းအရပ်ရပ်ကို ထိရောက်စွာ တွန်းအားပေးပြီး ၂၀၂၀ ပြည့်နှစ် နိုင်ငံတော်ကာကွယ်ရေးနှင့် တပ်မတော် တည်ဆောက်ရေး ရည်မှန်းချက်တာဝန်များကို ပြတ်ပြတ်သားသား ဖေါ်ဆောင်ကာ ပါတီနှင့် ပြည်သူများ ပေးအပ်သော လုပ်ငန်းတာဝန်များကို ပြတ်ပြတ်သားသား ပြီးမြောက်အောင် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ကိုယ်စားလှယ်များ၏ ထင်မြင်ချက်စကားများ ကြားနာပြီးနောက် ရှီကျင့်ဖိန်သည် ရှေးဦးစွာ တပ်မတော် တစ်ရပ်လုံးက COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး တာဝန် ထမ်းဆောင်ခဲ့ခြင်းကို ချီးကျူး အတည်ပြုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကို ပေါင်းစပ်ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် တပ်မတော် တည်ဆောက်ရေး၏ အဓိက လုပ်ငန်းများနှင့် ပတ်သက်၍လည်း ဆောင်ရွက်ဖွယ်ရာ လိုအပ်ချက်များကို တင်ပြထားပါသည်။

 ရှီကျင့်ဖိန်က၊ ယခုအကြိမ် ကူးစက်ရောဂါတိုက်ဖျက်ရေးသည် နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်မတော် ပြုပြင်ပြောင်းလဲရေးအတွက် လက်တွေ့ကျသည့် စမ်းသပ်မှု တစ်ကြိမ် ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ ပေါ်လွင် လာစေသည့် တစ်ချိန်တည်းတွင် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ရန် လိုအပ်ချက်သစ်များလည်း ပေါ်လွင်လာစေကြောင်း၊ မူဝါဒနှင့် စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အဓိက အဖြစ် ထားပြီး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအရပ်ရပ်ကို တစ်ပြိုင်တည်း ညှိနှိုင်းဆောင်ရွက်ကာ သတ်မှတ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတာဝန်များကို လျာထားသည့်အချိန်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တပ်မတော် တည်ဆောက်ရေးဆိုင်ရာ ၁၄ ခုမြောက် ငါးနှစ်စီမံကိန်းကို ကောင်းမွန်စွာ ရေးဆွဲချမှတ်ရမည် ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ညှိနှိုင်းပြေပြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကာ မဟာဗျူဟာဆိုင်ရာ ဘက်စုံ တစ်ပြိုင်တည်း စီမံခန့်ခွဲမှုကို ကောင်းမွန်စွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်ဟု စီစီတီဗီမှ သတင်း အရ သိရပါသည်။