辛甜

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး စတင် ကျင်းပ

(GMT+08:00)2020-05-22 13:10:00  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၂ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များ၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ၂၈၉၇ ဦးတို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပါသည်။ ဝန်ကြီးချုပ် လီခေ့ချန်သည် အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်ပြပြီး အစည်းအဝေးတွင် စိစစ်ဆွေးနွေးမည် ဖြစ်သည်။ အစည်းအဝေး တက်ရောက်သူများသည် ရှေးဦးစွာ COVID-19 ကူးစက်ရောဂါတွင် အသက်ပေးလှူသွားသော အာဇာနည်များနှင့် ကွယ်လွန်သူများအတွက် ငြိမ်သက်စွာ နေခဲ့ကြသည်။

လီခေ့ချန် တင်ပြသော အစိုးရလုပ်ငန်း အစီရင်ခံစာတွင်၊ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်အစိုးရသည် အလုပ်အကိုင် နေရာချထားမှုနှင့် ပြည်သူလူထုနေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေးကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်း အောင်ပွဲရအောင် ပြတ်ပြတ်သားသား ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ တည်ထောင်ရန် ရည်မှန်းချက် ဖေါ်ဆောင်ရန် ကြိုးပမ်းအားထုတ်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ကူးစက်ရောဂါနှင့် စီးပွါးကုန်သွယ်ရေး အခြေအနေတွင် မတည်ငြိမ်ဖွယ်ရာအကြောင်းရပ် များပြားနေပြီး တရုတ်ပြည် ဖွံ့ဖြိုးမှုတွင် ခန့်မှန်းလို့ ခက်သည့် ဂယက်ရိုက်ခတ်မှု အကြောင်းရပ်အချို့ကို ရင်ဆိုင်ရသဖြင့် တရုတ် အစိုးရသည် ၂၀၂၀ ပြည့်နှစ် စီးပွါးရေး တိုးတက်မှုဆိုင်ရာ အသေးစိတ် ရည်မှန်းချက် မတင်ပြပါကြောင်း၊

ယခုနှစ်တွင် တရုတ်နိုင်ငံသည် တက်ကြွသော ဘဏ္ဍာရေး မူဝါဒနှင့် တည်ငြိမ်သော ငွေကြေးမူဝါဒကို ဆက်လက် ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယွမ် ဘီလီယံ ၁၀၀၀ ရှိသည့် ကူးစက်ရောဂါ တိုက်ဖျက်ရေး အထူး နိုင်ငံတော် ငွေချေးလက်မှတ် ထုတ်မည် ဖြစ်ပြီး ယင်းသည် အထူး အချိန်ကာလတွင် အထူး ဆောင်ရွက်မှု ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။