邹立莹

တရုတ်နိုင်ငံ၏ အထင်ကရ အစည်းအဝေးကြီး(၂)ခု ပြန်စတော့မည်

(GMT+08:00)2020-05-20 14:32:01  

图片默认标题_fororder_WechatIMG43

图片默认标题_fororder_WechatIMG44

图片默认标题_fororder_WechatIMG45

ရွှေ့ဆိုင်းထားတဲ့ တရုတ်နိုင်ငံရဲ့အထင်ကရ နှစ်ပတ်လည် ကွန်းဖရင့်အစည်းအဝေးကြီးဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ်အစည်းအဝေးနဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်းဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီတတိယအကြိမ် အစည်းအဝေးကို မေလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ တရုတ်အစိုးရပိုင်းက ဧပြီ ၂၉ မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ COVID-19 ရောဂါကြောင့် လပေါင်းများစွာ လည်ပတ်လှုပ်ရှားမှုများအားလုံး စုစည်းအားနဲ့ ဖြတ်ကျော်ခဲ့ရပြီးနောက် တရုတ်နိုင်ငံဟာ ပုံမှန်အခြေအနေကို ပြန်ရောက်လာပြီဆိုတဲ့ အာဏာပိုင်တွေရဲ့ ထင်မြင်မှုကို  အရိပ်အမြွက် ပြသလိုက်တာပဲ ဖြစ်ပါတယ်။

 ၂၀၂၀ပြည့်နှစ် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေးနဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်းဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ တတိယအကြိမ် အစည်းအဝေးကို မတ်လ ၅ ရက်နေ့မှာ ကျင်းပဖို့ မူလက စီစဉ်ထားတာရှိပေမယ့် COVID-19ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာတော့ အာဏာရကွန်မြူနစ်ပါတီဟာ အဲဒီ့အစည်းအဝေးမှာ အဓိက မူဝါဒကြေညာချက်တွေကို ကြေညာလေ့ ရှိပါတယ်။ ဒါ့ကြောင့်လည်း မြို့တော် ပေကျင်းမှာပြုလုပ်မယ့် ဒီအစည်းအဝေးမှာ ဘယ်လိုမူဝါဒလုပ်ငန်းစဉ်တွေကို ချမှတ်ဖော်ဆောင်ပြီး တရုတ် အစိုးရအနေနဲ့ ဘယ်လို ရှေ့ဆက်မလဲဆိုတာ တစ်ကမ္ဘာလုံးက ဒီအပေါ်မှာ စိတ်ဝင်စားကြပါတယ်။

ပုံမှန်အားဖြင့် ဒီအစည်းအဝေးကို အနည်းဆုံး ၁၀ ရက်ကြာ ကျင်းပလေ့ရှိပြီး တရုတ်တစ်နိုင်ငံလုံးက ကိုယ်စားလှယ် ၅၀၀၀ ကျော်တက်ရောက်လေ့ရှိပေမယ့် COVID-19 ရောဂါကြောင့် အခုနှစ်မှာ အစည်းအဝေး ကျင်းပတဲ့ကာလကို လျှော့ချသွားမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျိန်းသေတာ ကတော့ ဒီအစည်းအဝေးမှာ အရင်နှစ်များအတိုင်း တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံး ဆိုင်ရာကော်မတီ (CPPCC) အစည်းအဝေးနဲ့ အမျိုးသား ပြည်သူ့ကွန်ဂရက်  NPC အစည်းအဝေးတွေကို အပိုင်း နှစ်ပိုင်းခွဲပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။

အကောင်အထည်ဖော်မှုအားကောင်းသောအစည်းအဝေးပုံစံ

နှစ်စဉ်ကျင်းပမြဲအစည်းအဝေးတိုင်းမှာ အာဏာရပါတီအစိုးရက တစ်နှစ်အတွင်း အစိုးရ ဖော်ဆောင် ခဲ့တဲ့ လုပ်ငန်းအစီရင်ခံစာနဲ့ ရှေ့ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို တင်သွင်း ဖတ်ကြားလေ့ ရှိပါတယ်။ မနှစ်ကကျင်းပခဲ့တဲ့ အစည်းအဝေးမှာတော့ ၀န်ကြီးချုပ်လီခေ့ချန်က အဓိကအကြောင်း အရာ ၃ ခုကို သုံးသပ်တင်ပြသွားတာ တွေ့ရပါတယ်။ အဲဒါတွေကတော့  

(၁) ယခင်နှစ်အောင်မြင်မှု ရလဒ်များအဖြစ်

  • ပြည်တွင်း GDP တိုးတက်နှုန်း ၆.၆ % အထိရှိခဲ့ပြီး စုစုပေါင်းတရုတ်ယွမ်ငွေ ဘီလျံ ၉ သောင်းအထိ ရှိကြောင်း ဖော်ပြခဲ့ပါတယ်။
  • မြို့ပြအလုပ်အကိုင်နေရာအသစ် ၁၃.၆၁ သန်းအထိ ဖန်တီပေးနိုင်ခဲ့ကြောင်း၊
  • ကျေးလက်ဒေသဆင်းရဲမွဲတေမှုကို ၁၃.၈၆ သန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း၊
  • လုပ်ငန်းနဲ့တစ်ဦးချင်းပေးဆောင်ရမယ့်အခွန် စုစုပေါင်း ဘီလျံ ၁၃၀၀ ထိ လျှော့ချ ပေးနိုင်ခဲ့ကြောင်း၊
  • အကောက်ခွန်ကောက်ခံရရှိမှုအဖြစ် စုစုပေါင်း ၉.၈ % မှ ၇.၅ % အထိ အကောက်ခွန်များကို လျှော့ချပေးနိုင်ခဲ့ကြောင်း စသဖြင့် တစ်နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့တဲ့ တိုးတက်မှုဖြစ်စဉ်များကို ယခင်နှစ်အောင်မြင်မှုရလဒ်များအဖြစ် တင်ပြခဲ့တာ တွေ့ရသလို

(၂) ၂၀၁၉ ခုနှစ်အတွင်း ရည်မှန်းချက်များအဖြစ်

  • ပြည်တွင်း GDP ကို ၆% သို့မဟုတ် ၆.၅ % တိုးမြှင့်အောင် ကြိုးစားလုပ်ဆောင်သွားဖို့၊
  • မြို့ပြအလုပ်အကိုင်ကိုင်နေရာသစ်များ ၁၁ သန်းကျော် ဖန်တီးပေးနိုင်ဖို့၊
  • ပြည်သူတွေရဲ့ စားသုံးကုန်နဲ့ ဈေးနှုန်းဖောင်းပွမှုကို ၃% ၀န်းကျင်အထိ ထိန်းသိမ်းသွားနိုင်ဖို့၊
  • ကျေးလက်ဒေသမှ ဆင်းရဲမွဲတေသူဦးရေ ၁၀ သန်းကျော် လျော့နည်းစေဖို့၊
  • စွမ်းအင် အသုံးပြုမှုနှုန်းကို တစ်ယူနစ်မှာ ၃ %ထိ လျှော့ချဖို့ စတာတွေ လုပ်ဆောင်သွားမယ်လို့ အဆိုတင်သွင်းခဲ့ပါတယ်။

(၃) ၂၀၁၉ ခုနှစ်အတွင်း အရေးတကြီးလုပ်ကိုင်ရမည့် လုပ်ငန်းစဉ် (၁၁)ခု အဖြစ်

  • အခွန်လျှော့ချရေး၊ ကုန်ကျစရိတ်လျှော့ချရေး
  • အလုပ်အကိုင်အခွင့်အလမ်း
  • ကုန်ဈေးနှုန်း
  • ရင်းနှီးမြှုပ်နှံမှု
  • သိပံ္ပနည်းပညာကဏ္ဍဖွံ့ဖြိုးရေးကဏ္ဍ
  • ဆင်းရဲမွဲတေမှုတိကျစွာလျှော့ချရေး
  • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး
  • ပညာရေး
  • ကျန်းမာရေး
  • မြန်နှုန်းမြင့်မိုဘိုင်ကွန်ရက်အကောင်အထည်ဖော်ရေး
  • တံခါးဖွင့်မူဝါဒဆက်လက်ကျင့်သုံးရေး
  • တစ်ပြည်လုံး ညီမျှစွာဖွံ့ဖြိုးတိုးတက်ရေး များကို ဆောင်ရွက်ဖို့ အစီရင်ခံစာများ ဖတ်ကြား တင်ပြခဲ့ပါတယ်။

ဒီအစည်းအဝေးကိုဘာကြောင့်စိတ်ဝင်စားကြသလဲ

နှစ်စဉ်နှစ်တိုင်း ဒီအစည်အဝေးကြီးကနေ တရုတ်နိုင်ငံအတွက် Political Idea တွေ၊ လုပ်ငန်းစဉ်တွေ၊ ဥပဒေစည်းမျဉ်းတွေ၊ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကို ပြည်သူသိအောင် ချပြပြီးမှ လုပ်ဆောင်တာမို့ တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေထွက်ပေါ်တတ်တာမို့ အားလုံးက ဒီအစည်းအဝေးကြီးကို စိတ်ပါဝင်စားမှုရေချိန်မြင့်ကြပါတယ်။နိုင်ငံတကာကလည်း ဒီအစည်းအဝေးကြီးရဲ့ မူဝါဒလမ်းစဉ်တွေကိုကြည့်ပြီး နိုင်ငံရေးသုံးသပ်မှုအခြေအနေတွေကို သုံးသပ်မှုလုပ်ကြပါတယ်။

မနှစ်ကဆိုရင် ဆင်းရဲမှုပပျောက်ရေးစီမံကိန်းနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်လီခေ့ချန်ရဲ့ ကြေညာချက်ကို လာအိုအစိုးရတက္ကသိုလ် တရုတ်ရေးရာသုတေသနစင်တာ အတိုင်ပင်ခံ ဆီဗီလေ- ဘိုဖုမ်ဗီဟန်က “ဆင်းရဲမွဲတေမှုပပျောက်ရေးလုပ်ငန်းဟာ သူတို့ အစိုးရကိုယ်တိုင် အလေးထား ဆောင်ရွက်တဲ့ လုပ်ငန်းတစ်ရပ် ဖြစ်သော်လည်း သူတို့နိုင်ငံမှာ အခက်အခဲ များစွာကြုံတွေ့ခဲ့ရကြောင်း တရုတ်အစိုးရရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေကို အတွေ့အကြုံယူရမယ်” ဆိုပြီး အင်တာဗျူးတွေမှာ ဖြေဆိုထားတာ တွေ့ရ ပါတယ်။ ဒီတော့ တရုတ်နိုင်ငံရဲ့ အထင်ကရ ဒီအစည်းအဝေးဟာ တရုတ်နိုင်ငံအတွက်ရော တစ်ချို့သော ကမ္ဘာ့နိုင်ငံများအတွက်ပါ အရေးကြီးတဲ့ အစည်းအဝေးကြီးလို့ ပြောရင်ပိုမှန်ပါမယ်။

အခုနှစ်အတွင်းမှာတော့ တရုတ်နိုင်ငံအတွင်းမှာ COVID-19 ရောဂါကြောင့် နယ်ပယ်စုံမှာ ဂယက် ရိုက်ခတ်မှု အနည်းအများ ရှိခဲ့ပါတယ်။ အထူးသဖြင့် ကူးစက်ရောဂါကြောင့် တရုတ်ပြည် စီးပွါးရေး အပေါ် ထိခိုက် ဂယက်ရိုက်ခတ်မှု ဖြစ်ခဲ့တာတွေနဲ့ တရုတ်ပြည် စီးပွါးရေး ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံတွေကို ဘယ်လိုမျိုး ဆက်လက် ဆောင်ရွက်မလဲ။ ကူးစက်ရောဂါကြောင့် နိုင်ငံတကာ ကုန်ထုတ်လုပ်မှုနဲ့ ၀ယ်လိုအားကို ဘက်မျိုးစုံကနေ ဂယက်ရိုက်ခတ်မှုအနည်းဆုံးဖြစ်အောင် မက္ကရို ပေါ်လစီများ မည်သို့ ချမှတ်မလဲ။ ဘဏ္ဍာရေးနဲ့ ငွေကြေးပေါ်လစီများကို မည်သို့ ဖော်ဆောင်မလဲ။ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နဲ့ ကုန်စည် ဖြန့်ဖြူးမှုကွင်းဆက်များ တည်ငြိမ်မှု မည်သို့ လုပ်ဆောင်မလဲ။ ပြည်သူ လူထုများရဲ့ အခြေခံ နေထိုင်မှုဘဝကို မည်သို့ အာမခံချက်ပေးမလဲ။ ဘဏ္ဍာရေး ပေါ်လစီများနဲ့ တည်ငြိမ်သော ငွေကြေး ပေါ်လစီများ ဖြစ်ပေါ်အောင် မည်သို့ဆောင်ရွက်မလဲ။ တံခါးဖွင့်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကို မည်သို့ ဇောက်ချလုပ်ဆောင်သွားမလဲ။ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်ကောင်းဖြစ်လာအောင် နိုင်ငံခြားကုန်သွယ်မှု များကို မည်သို့ဖော်ဆောင်မလဲ။ ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ပွားမှုတွေကို ဘယ်လိုမျိုး ဖြည့်ဆည်း ဆောင်ရွက်ပေးမလဲ။ နိုင်ငံခြားရင်းနှီးငွေကိုဆွဲဆောင်ရာမှာ ဘယ်လို မူဝါဒတွေချမှတ်ပြီး အထွေထွေ အပြိုင် အဆိုင်ပြု ဆွဲဆောင်မလဲ စသဖြင့် မေးခွန်းတွေနဲ့အတူ အစိုးရကနေ ထုတ်ပြန်ကြေညာမယ့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေ၊ ကာကွယ်ရေးအသုံးစရိတ် လျာထားချက်တွေနဲ့ ရာထူးနေရာ အပြောင်းအလဲတွေကို ဘယ်လိုမျိုး ပြုလုပ် ဖော်ဆောင်သွားမလဲ။ ယခင်နှစ်က ရည်မှန်းချက်တွေ ပြည့်စုံ အောင်မြင်မှုရှိသလားဆိုတာ မကြာခင် သိရပါတော့မယ်။

တရုတ်နိုင်ငံမှ နိုင်ငံရေးကျွမ်းကျင်ပညာရှင်တွေကတော့ ဒီအစည်းအဝေးကြီးမှာ COVID-19 ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေးကို ပုံမှန် လုပ်ငန်းအဖြစ်ထားပြီးလုပ်နေတဲ့ အခုလိုအခြေအနေမှာ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းရဲ့ လိုအပ်ချက်အတိုင်း သိပံ္ပနည်းကျစွာ စီစဉ်ဖို့၊ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံက “နှစ် တစ်ရာ နှစ်ခု” ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ဖော်ဆောင်ရာမှာ တရုတ်နိုင်ငံဟာ အသင့်အတင့်ချမ်းသာတဲ့လူဘောင်အဖွဲ့အစည်း နေထိုင်မှုဘ၀ကို ဘက်စုံတည်ဆောက်ပြီး ပထမနှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ကို ဖော်ဆောင်ဖို့အပြင် ဒုတိယနှစ်တစ်ရာကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ခရီးစဉ်သစ်ကို ဖွင့်လှစ်ဖို့၊ အခုနှစ်အတွင်း စီပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် များကိုလည်း လက်တွေ့ အခြေအရ မူဝါဒများချမှတ်ပြီး ဖွံ့ဖြိုးရေးရဲ့ တိုးတက်မှုနဲ့ အရည်အသွေးကို တစ်ပြိုင်တည်း ထည့်သွင်း စဉ်းစားစီမံခန့်ခွဲဖို့၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများကို သုံးသပ်ပြီး နိုင်ငံတော် စီမံခန့်ခွဲရေးစနစ်နဲ့ စီမံခန့်ခွဲမှု စွမ်းအားကို တစ်ဆင့်တိုး တွန်းအားပေးဖော်ဆောင်မှုတွေ လုပ်ဆောင်ဖို့ စသဖြင့် အကြောင်းအရာစုံကို ရည်မှန်းချက်ထားပြီးဖော်ဆောင်ပေးဖို့ သုံးသပ်ထားကြပါတယ်။

နှစ်စဉ်နှစ်တိုင်း နိုင်ငံရေး ကျွမ်းကျင်ပညာရှင်တွေကတော့ တရုတ်အစိုးရအနေနဲ့ ပြည်သူတွေ အတွက် အကောင်အထည်ဖော်ပေးနိုင်မှုအနေအထားကို ၉၀%ခန့်လောက်ထိ ဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ အစည်းအဝေး ဆွေးနွေးမှုများနဲ့ ချမှတ်တဲ့မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ချက်များ၊ ရလဒ်များ ကိုကြည့်ပြီး သုံးသပ်ကြပါတယ်။

COVID-19 ကူးစက်ရောဂါကြောင့် အခု ၂၀၂၀ မှာရော နိုင်ငံရေး ကျွမ်းကျင်ပညာရှင်တွေဆီကနေ တရုတ်နိုင်ငံအတွက် ဘယ်လိုသုံးသပ်မှုတွေ ထွက်ပေါ်လာလေမလဲ။ ထိုမှတစ်ဆင့် ဒီအစည်းအဝေးကနေ တရုတ်နိုင်ငံအတွက် မည်ကဲ့သို့ ကောင်းမွန်သော အခွင့်အလမ်းသစ်များကို ဖန်တီး ပေးနိုင်မလဲ။ အားလုံးကို စောင့်ကြည့်ရမယ့် အနေအထား ရှိနေပါတယ်။

ဒါ့ကြောင့် ၂၀၂၀ပြည့်နှစ် မေလ ၂၁ နဲ့ ၂၂ ရက်နေ့များမှာ တရုတ်နိုင်ငံ ပေကျင်းမှာ စတင်ကျင်းပမယ့် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ်အစည်းအဝေးနဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်းဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီတတိယအကြိမ် အစည်းအဝေးများကတော့ လှုပ်လှုပ်ရှားရှား တွေ့မြင်ကြားသိရစရာတွေ များပြားနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။