邹立莹

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးနှင့် အင်တာဗျူး

(GMT+08:00)2020-05-08 16:00:47  

မျက်မှောက်အချိန်တွင် COVID-19 ရောဂါသည် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွား လာပြီး တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအပေါ် ဂယက်ရိုက်ခတ်မှု ကြီးမားလာ၍ COVID-19 ရောဂါကို ထိန်းချုပ်တိုက်ဖျက်ရန်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဆက်ဆံမှုများနှင့်ပတ်သက်၍ မေလ ၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ကို မေးမြန်း ထားပါသည်။

 

မေး။  ။မေလ ၇ ရက်နေ့ညက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်ရှိ COVID-19 အတည်ပြုလူနာဦးရေ ၁၇၆ ဦး ရှိနေပါပြီ။ COVID-19ရောဂါကို ထိန်းချုပ်တိုက်ဖျက်ရန်အတွက် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံဟာ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့သလဲ။

 

ဖြေ။  ။တရုတ်-မြန်မာ နှစ်နိုင်ငံဟာ တောတောင်ရေမြေချင်းဆက်စပ်လျက် ရှိပြီး ကီလိုမီတာ ၂၂၀၀ ရှည်လျားတဲ့ နယ်နိမိတ် မျဉ်းကြောင်းလည်း ရှိတဲ့အတွက် အိမ်နီးချင်းဖြစ်တဲ့ နှစ်နိုင်ငံအတွက်ဆိုလျှင် ရောဂါ ကြိုတင် ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးကို လက်တွဲဆောင်ရွက်ခြင်းဟာ အလွန် အရေးကြီးပါတယ်။ တရုတ်ပြည်မှာCOVID-19ရောဂါ ဖြစ်ပွားတဲ့နောက်ပိုင်း မြန်မာအစိုးရ၊ တပ်မတော်နဲ့ အလွှာပေါင်းစုံတို့ဟာ အလှူငွေနဲ့ပစ္စည်းများစွာ လှူဒါန်းပေးအပ်ပြီး တရုတ်ဘက်ရဲ့ ရောဂါတိုက်ဖျက်ရေးအပေါ် အားပေး ထောက်ခံခဲ့တယ်။ အားလုံးသိတဲ့အတိုင်း မြန်မာအစိုးရဟာ ဆန် တန်ချိန် ၂၀၀ ကို လှူဒါန်းခဲ့တယ်။ မြန်မာတပ်မတော်ဘက်ကလည်း လေတပ်မှလေယာဉ် တစ်စင်းနဲ့ ဆေးဘက်ပစ္စည်းများကို သီးသန့်ပို့ပေးခဲ့တယ်။ ဒါတွေကို ကျွန်တော်တို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်မိထားတယ်။ ဒါကြောင့်မို့လို့ မတ်လ လကုန်ပိုင်းက မြန်မာနိုင်ငံမှာလည်းCOVID-19ရောဂါ ဖြစ်ပွားလာပြီးနောက် ကျွန်တော်တို့ကလည်း တရုတ်ပြည်တွင်းရှိ သက်ဆိုင်ရာဌာနအသီးသီးတို့နဲ့ ဆက်သွယ်ပူးပေါင်းပြီး မြန်မာနိုင်ငံအား အကူအညီတွေ ပေးအပ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အထောက်အကူ ပြုသည့်အနေနှင့် တရုတ်အစိုးရနဲ့ တပ်မတော်ဘက်က ဆေးဘက်ပညာရှင် များအဖွဲ့ကို အသီးသီး စေလွှတ်ပြီး စမ်းသပ်ခန်းအသစ်လည်း အသီးသီး တည်ဆောက်ပေးခဲ့ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရရော အရပ်ဘက်ကပါ တရုတ်ပြည်ကအလွှာပေါင်းစုံတို့က နှာခေါင်းစည်း ၃ သန်းကျော်နဲ့ သောင်းနဲ့ ချီတဲ့ ရောဂါကာကွယ်ရေးဝတ်စုံတွေ အပါအဝင် ဆေးဘက်ပစ္စည်းနဲ့ အလှူငွေ များစွာ လှူဒါန်းနေပြီလို့ သိရပါတယ်။ မကြာမီမှာ တရုတ်အစိုးရက လှူဒါန်း ပေးအပ်မယ့် ဆေးဘက်ပစ္စည်းတစ်သုတ်လည်း မြန်မာနိုင်ငံကို ရောက်ရှိ လာတော့မယ်။ အဆိုပါ ဆေးဘက်ပစ္စည်းများဟာ မြန်မာနိုင်ငံရဲ့ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အထောက်အကူပြုနေပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံ COVID-19ရောဂါအခြေအနေအလျောက် ကျွန်တော်တို့ တရုတ်သံရုံးဟာ မြန်မာဘက်နဲ့ ဆက်လက် ဆက်သွယ်ပြီး ဆောင်ရွက်ပါ့မယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ တိုက်ရိုက်နယ်မြေ ဆက်စပ်လျက် ရှိတဲ့ ယူနန်ပြည်နယ်ဟာ ဆေးဘက် ကူညီထောက်ပံ့မှု များစွာ ပေးအပ်တဲ့အပြင် နယ်စပ်ဒေသ ရောဂါ ပူးတွဲ ထိန်းချုပ်မှုဘက်မှာလည်း များစွာအကျိုးဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံသို့ ဆေးဘက် ပညာရှင်များအဖွဲ့ စေလွှတ်တဲ့ တစ်ခုတည်းသော နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ အရပ်ဘက်ကလည်း ကျေးဇူးတင်ရှိကြောင်းတွေ များစွာ ရရှိခဲ့ပါတယ်။

 

မေး။  ။လက်ရှိအချိန်အထိCOVID-19ရောဂါ ဖြစ်ပွားလာမှုဟာ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး အပါအဝင် နယ်ပယ်အသီးသီးက ပူးပေါင်းဆောင်ရွက်မှု အပေါ် ဘယ်လိုဂယက်ရိုက်ခတ်မှုမျိုး ရှိပါသလဲ။

 

ဖြေ။  ။ တရုတ်-မြန်မာ နှစ်နိုင်ငံလို စီးပွားကုန်သွယ်ရေးဆက်ဆံမှုလည်းရှိ၊ ပြည်သူလူထု ရင်းနှီးတဲ့ ဆက်သွယ်မှုရှိတဲ့ အိမ်နီးချင်းနိုင်ငံများ အတွက် ကတော့ ဂယက်ရိုက်ခတ်မှု မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။ အထူးသဖြင့် နယ်စပ်ဒေသ ကုန်သွယ်မှုဘက်မှာ ဂယက်ရိုက်ခတ်မှုရှိတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများအပါအဝင် ကုန်ကြမ်းချို့တဲ့မှု ကြုံတွေ့ရတဲ့ အတွက် ကျွန်တော်တို့ဟာ တရုတ်ကုမ္ပဏီအသင်းနဲ့ အထည်ချုပ်လုပ်ငန်း အသင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး စင်းလုံးငှားလေယာဉ်နဲ့ ကုန်ကြမ်း ပို့ပေးတယ်။ ဒါ့အပြင် နယ်စပ်ဒေသ ရောဂါထိန်းချုပ်ရေး ဆောင်ရွက်မှု များကြောင့် မြန်မာနိုင်ငံက ငှက်ပျောသီးများ တရုတ်ပြည်သို့ တင်ပို့ရောင်းချဖို့ အခက်အခဲ ကြုံတွေ့ခဲ့တယ်။ ကျွန်တော်တို့က တရုတ်ပြည်တွင်းက သက်ဆိုင်ရာဌာနများ၊ မြန်မာအစိုးရ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အထူးသဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဆက်သွယ်ပြီးနောက် ဖြေရှင်းရေးနည်းလမ်းကို ရရှိနေပြီလို့သိရပါတယ်။ ဒါဟာငှက်ပျောသီးစိုက်သူများ၊ သက်ဆိုင်ရာ မြန်မာအလုပ်သမားများနဲ့ သူတို့ရဲ့ မိသားစုများအတွက် သတင်းကောင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုလျှင် သူတို့က နေ့တိုင်း တရုတ်ယွမ်ငွေ သန်း ၂၀ ကျော် ဆုံးရုံးရမယ်လို့ သိရပါတယ်။ တရုတ်သမ္မတကြီး ရှီကျင့်ဖိန် တင်ပြခဲ့တဲ့ “ပြည်သူများကို ထိပ်ဆုံးနေရာမှာ ထားတယ်”ဟူသော မှာကြားချက်အတိုင်း ကျွန်တော်တို့က ဆောင်ရွက်တာပါ။ မြန်မာအစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း people are the keyလို့ ပြောခဲ့ဖူးတယ်။ ကျွန်တော်တို့က ပြည်သူများရဲ့ လိုအပ်မှုကို အရင်းခံပြီး နှစ်နိုင်ငံအကြား လက်တွေ့ကျကျ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းအားပေးကာ ပြည်သူများရဲ့ အကျိုး စီးပွားကို တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်ပေးနေတာပါ။

 

မေး။  ။တရုတ်-မြန်မာနယ်စပ်ဒေသမှာရောဂါကြိုတင်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဘက်မှာ ဘာတွေဆောင်ရွက်နေသလဲ။

 

ဖြေ။  ။ တရုတ်-မြန်မာနယ်နိမိတ်မျဉ်းကြောင်းရှည်လျားတဲ့အပြင် နှစ်နိုင်ငံ ပြည်သူပြည်သားများ တစ်ရွာတည်းနေတာမျိုးလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားမှ အတည်ပြုလူနာ မဝင်ရောက်ဖို့ ဆောင်ရွက်ရာမှာ မလွယ်ပါဘူး။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဟာ မြန်မာနိုင်ငံ ကချင်နဲ့ ရှမ်းတို့နဲ့ ဆက်စပ်တဲ့အတွက် ယူနန်ပြည်နယ်ဟာ နယ်စပ်ဆိပ်ကမ်း၊ ကုန်းကြောင်း၊ ရေကြောင်းဘက်မှာ ပြည်နယ်အဆင့်ရော မြို့အဆင့်ပါ လက်တွဲဆောင်ရွက် ကြတယ်။ ဒီလိုလက်တွဲတဲ့ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ပုံလုပ်နည်းဟာ တရုတ်နည်းလမ်း လုပ်ပုံလုပ်နည်းနဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ ဒီလိုတရုတ်အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာလည်း ဆောင်ရွက်နေတယ်။ ကျွန်တော်တို့သံရုံးက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနတို့နဲ့ ရင်းနှီးစွာဆက်သွယ်ပြီး မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးချုပ်နဲ့လည်း လက်တွဲဆောင်ရွက်ကြတယ်။ ကျွန်တော် တို့ဘက်က တက်တက်ကြွကြွ ဆောင်ရွက်တဲ့ တစ်ချိန်တည်းမှာ မြန်မာဘက် ကလည်း တက်တက်ကြွကြွ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဒါဟာ မြန်မာဘက်အနေနဲ့ တရုတ်ပြည်ရဲ့ အတွေ့အကြုံနဲ့ လုပ်ပုံလုပ်နည်းကိုလက်ခံ၊ ထောက်ခံချီးကျူးတဲ့ သဘောထားကို ပြသနေတာပါ။ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ လူတွေရော ကုန်ပစ္စည်းပါ သွားလာမှု များပြားပေမယ့် လက်ရှိအချိန်အထိ နိုင်ငံခြားက ဝင်ရောက်လာတဲ့ အတည်ပြုလူနာ တစ်ယောက်မှ မရှိဘူးလို့ သိရပါတယ်။ ဒါဟာ တကယ်မလွယ်ဘူး။ တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူများအားလုံးတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုနဲ့ ရရှိတဲ့ အောင်ကျိုးရလဒ်ပါ။