邹立莹

အမေရိကန် ကူးစက်ရောဂါ အခြေအနေ အရေးတကြီး ဖြစ်နေချိန်မှာ နိုင်ငံရေးသမား တစ်ချို့က တစ်ဖက်သတ် တစ်ယူသန် အမြင်ကို စွန့်ပစ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်နိုင်ဖို့ မျှော်လင့်

(GMT+08:00)2020-03-27 16:04:02  

ဒီလ ၂၅ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုက “ဝူဟန့် ဗိုင်းရပ်စ်” ဆိုတဲ့ ဝေါဟာရကို ဂျီ-၇ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပူးတွဲ ကြေညာချက်မှာ ထည့်သွင်းဖို့ လုပ်ဆောင်ချင်တယ်။ ဒါပေမယ့် တစ်ခြားနိုင်ငံများမှ ငြင်းပယ်မှု ခံခဲ့ရတယ်။ ပြီးတော့ ပွန်ပေအိုရဲ့ ယုတ္တိမတန်တဲ့ လုပ်ရပ်ကြောင့် ဒီအကြိမ် ဂျီ-၇ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ပူးတွဲ ကြေညာချက်ကို မထုတ်ပြန်ဖြစ်ဘူးလို့ သိရပါတယ်။ CNN က ဥရောပ သံတမန်အရာရှိ တစ်ဦးရဲ့ စကားကို ကိုးကားပြီး၊ ဂျီ-၇ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ဟာ “မျဉ်းကြောင်းနီ” ကို သွားထိတွေ့လိုက်တယ်၊ ဗိုင်းရပ်စ် အပေါ် အမှတ်အသား တစ်ခုခု ထည့်ထားတဲ့ လုပ်ရပ်ကို သဘောတူနိုင်မှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

မျက်မှောက်အချိန်မှာ အမေရိကန် ကူးစက်ရောဂါ အခြေအနေဟာ အရေးတကြီး ဖြစ်လာနေပါပြီ၊ COVID-19 ရောဂါသည် စုစုပေါင်း ဦးရေ ၇ သောင်းလောက် ရှိပြီ ဖြစ်ပြီး အသစ် တိုးလာတဲ့ ရောဂါသည်ဦးရေ သုံးရက် ဆက်တိုက် ၁ သောင်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ မကြာခင်က အမေရိကန် ခေါင်းဆောင်က “တရုတ် ဗိုင်းရပ်စ်”ဆိုတာကို အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပေမယ့် ပွန်ပေအိုရဲ့ လုပ်ရပ်ကို ကြည့်ပါက အမေရိကန် နိုင်ငံရေး သမား တစ်ချို့က တရုတ်ပြည် အပေါ် ရန်ငြိုးထားမှုနဲ့ တစ်ဖက်သတ် တစ်ယူသန် အမြင်ကို မစွန့်ပစ်သေးပါဘူး။ သူတို့ဟာ ရှိသမျှ အခွင့်အလမ်းကို အသုံးပြု၍ တရုတ်ပြည်ကို ပုတ်ခတ် ပြောဆိုပြီး ကူးစက်ရောဂါ တိုက်ဖျက်မှုဆိုင်ရာ တာဝန်ပျက်ကွက်မှု အပြစ်ကို တရုတ်ပြည်အပေါ် လွှဲချပစ်ဖို့ ကြံစည်နေတယ်။

ကူးစက်ရောဂါဟာ လူသားများရဲ့ တူညီတဲ့ စိန်ခေါ်မှု ဖြစ်တယ်။ ပူးပေါင်း ဆောင်ရွက်မှုဟာ နိုင်ငံတကာ မိသားစုကြီးရဲ့ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့ကိစ္စ ဖြစ်တယ်။ အမေရိကန် နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံတကာနဲ့ အမေရိကန် ပြည်တွင်းမှာ ဆင်ခြင်ဥာဏ်ရှိတဲ့အသံကို နားထောင်ပြီး တရုတ်ပြည်ကို မဟုတ်မမှန် ပုတ်ခတ် ပြောဆိုတဲ့ လုပ်ရပ်ကို အမြန်ဆုံး ရပ်စဲဖို့ မျှော်လင့်တယ်လို့  China Media Groupမှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။