张晓宁

တရုတ်ပြည်အနေနှင့် NCPခုခံကာကွယ်ရေး အောင်ပွဲခံနိုင်ရန် ဘာဖြစ်လို့ ယုံကြည်မှု ရှိသလဲ

(GMT+08:00)2020-02-17 15:02:42  

ယခုလ ၁၆ရက်နေ့ ၂၄နာရီအထိ ဟူပေပြည်နယ်မှလွဲ၍ တရုတ်ပြည်မကြီးတွင် အသစ်တိုးလာသည့် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်နာ ကူးစက်ရောဂါ(NCP) ကူးစက်ခံရသူ ဦးရေသည် ၁၃ရက် ဆက်တိုက် ကျဆင်းသွားကြောင်း၊ တစ်ချိန်တည်းတွင် ကုသမှုခံယူပြီး ဆေးရုံမှ ဆင်းသွားသူ ဦးရေ တိုးနှုန်းသည်လည်း အရှိန်မြင့်လာကြောင်း၊ ယခု ကုသမှုခံယူပြီး ဆေးရုံမှ ဆင်းသွားသူ စုစုပေါင်း ဦးရေမှာ ၁၀၈၄၄ ဦးရှိပြီ ဖြစ်ကြောင်း၊ ယင်းစာရင်းများသည် တရုတ်ပြည်၏ NCPရောဂါ ခုခံကာကွယ်ရေး ဆောင်ရွက်ချက်များ  မှန်ကန်ထိရောက်ပြီး ခြုံပြီးပြောရလျှင် ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုတာ ပြဆိုနေကြောင်း China Media Groupက ဖော်ပြသည်။

ယခုလ ၁၅ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် Tedrosက ဂျာမနီ မြူးနစ် လုံခြုံရေး အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ NCPရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးခြင်းတွင် တရုတ်ပြည်သည် အလွန် ကြီးမားသော ကြိုးပမ်းဆောင်ရွက်မှုကို ပြုလုပ်ပြီး ဆုံးရှုံးနစ်နာမှုများစွာ ခံရ၍ နိုင်ငံတကာ မိသားစုကြီး၏ ချီးကျူးမှု ခံသင့်ကြောင်း၊ မီဒီယာများသည် မမှန်သတင်းများ ဖြန့်ဝေမှုကို တားဆီးရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရသည်။

သို့သော် အခြားနိုင်ငံမှ လူအချို့သည် တရုတ်ပြည်၏ ရောဂါ ရင်ဆိုင်ရေး အားနည်း သည်ဟု ပြစ်တင်ပြီး တရုတ် စီးပွားရေး နာလန်မထူနိုင်တော့ဟုလည်း ဖော်ပြကြောင်း၊ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မကြာခင်က ရိုက်တာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် အထက်ပါ မယုံသင်္ကာဖြစ်မှုများ အပေါ် တုံ့ပြန်ပြောကြားရာ၌ တရုတ်ပြည် အနေနှင့် NCPရောဂါ ခုခံကာကွယ်ရေး အောင်ပွဲခံနိုင်ရန် ယုံကြည်မှုနှင့် စွမ်းဆောင်ရည် ရှိကြောင်း ပြောကြားပါသည်။

တရုတ်ပြည်၏ ယုံကြည်မှုသည် တရုတ် နိုင်ငံတော် ခေါင်းဆောင်၏ ထက်မြက်သည့် ထိုးထွင်းသိမြင်ဥာဏ်နှင့် ထူးချွန်ကောင်းမွန်သည့် ဦးဆောင်မှုပေါ်တွင် မူတည်ကြောင်း၊ လွန်ခဲ့သည့် နှစ်၃-၄ဆယ်အတွင်း တည်ထောင်လာသော စနစ်ဆိုင်ရာ အားသာချက်များ ပေါ်တွင် မူတည်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးမှ ကျယ်ပြန့်သော အားပေးထောက်ခံမှု ပေါ်တွင် မူတည်ကြောင်း၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုကို ကြည်လင်သည့် အသိအမြင်ရှိခြင်းပေါ်တွင်လည်း မူတည်ကြောင်း၊ ပထမ စိန်ခေါ်မှုသည် အများပြည်သူ့ ကျန်းမာရေး လုံခြုံမှု နယ်ပယ်မှ စိန်ခေါ်မှု ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ မိသားစုကြီး အနေနှင့် ရင်ဆိုင်နေကြရသော ဘုံစိန်ခေါ်မှုပင် ဖြစ်ကြောင်း၊ ဒုတိယ စိန်ခေါ်မှုသည် စီးပွားရေးနှင့် လူမှုရေး လှုပ်ရှားမှု အပေါ် NCPရောဂါ၏ ထိခိုက်မှု ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ယခုအကြိမ် ရောဂါ စိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွှားပြီး တရုတ်ပြည်သူများသည် ပိုမိုကြံ့ခိုင်ပြီး စည်းလုံးညီညွတ်မည် ဖြစ်ကြောင်း၊ တရုတ် စီးပွားရေးသည် ပိုပြီး ခြေလှမ်းမှန်မှန်ဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်သူတစ်ရပ်လုံးသည် ပိုမို ခိုင်ခံ့သည့် ခြေလှမ်းဖြင့် ဘက်စုံ အသင့်အတင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြောကြားသည်။