辛甜

လူအများထင်မထားသော တရုတ်လူမျိုးတို့၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ကွက်များ

(GMT+08:00)2020-02-14 16:10:01  

图片默认标题_fororder_su

      မှတ်မိပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်မှုတွေထောင်ချီရှိနေပြီဆိုတဲ့သတင်းတွေ စတက်လာတဲ့အချိန်မှာ( မှတ်မှတ်ရရ ဇန်န၀ါရီလအစပိုင်း လောက်ကပေါ့) ဌာနက ဌာနေ၀န်ထမ်း တရုတ်မလေးက ကျွန်မကို မေးပါတယ်။ အစ်မ ကိုရိုနာဗိုင်းရပ်စ်ကိုကြောက်သလားတဲ့။ SARS တို့၊ H1N1 တို့ကိုယ်တောင် အေးအေးဆေးဆေး ဖြတ်ကျော်ခဲ့တဲ့ မြန်မာနိုင်ငံကလာတဲ့သူမို့ အကြောက်တရားဆိုတာ ဘာမှန်းတောင် မသိပါဘူး။ ဒါ့ကြောင့် သိပ်တော့ မကြောက်ပါဘူးလို့ ပြတ်ပြတ်သားသားပဲ ကျွန်မ ပြန်ဖြေခဲ့ပါတယ်။ အဲဒီတော့ ဌာနေ၀န်ထမ်းတရုတ်မလေးက ဘာပြောတယ်မှတ်လဲ။ အစ်မ အခု ကူးစက်ရောဂါက ကြောက်ဖို့ကောင်းတယ်။ သတိထား။ အပြင် မထွက်နဲ့ ကြောက်ရမယ်နော်တဲ့။ သူက စေတနာနဲ့သတိပေးတာမို့ ကျွန်မလည်း ခေါင်းပဲ ညှိမ့်လိုက်ပါတယ်။

     图片默认标题_fororder_su2

အဲဒီတုန်းက အဲဒီကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘယ်ကနေဘယ်လိုကူးမှန်း သေချာလည်း မသိသေဘူးလေ။ အဲဒီနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေ တစ်ရှိန်ထိုးများလာပြီး သေဆုံးသူတွေ တစ်နေ့ထဲတင် ၁၅ ယောက်လောက် တိုးသွားတဲ့အချိန်မှာတော့ ကျွန်မလည်း နည်းနည်းတော့ ကြောက်စိတ်လေး ရှိလာပါပြီ။ အဲဒီအချိန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါက တရုတ်နိုင်ငံအတွင်းမှာတင်မက တစ်ကမ္ဘာလုံးအနှံ့ ပြန့်နှံ့ပြီး သေဆုံးမှုတွေတောင် ရှိနေပြီမို့လား။ အဲဒီအချိန်မှာတော့ အင်တာနက် လူမှုကွန်ယွန်စာမျက်နှာတွေမှာလည်း လူအများ စိတ်ဝင်စားမှု အရှိဆုံး သတင်းက ကိုရိုနာဗိုင်းရပ်စ် သတင်းပဲလေ။ မြို့ပျက်ကြီးဖြစ်သွားတဲ့ ၀ူဟန်တို့၊ ရုပ်ရှင်ဇာတ်လမ်းတွေထဲက အတိုင်း ဖြစ်သွားတဲ့ ၀ူဟန်တို့ စသဖြင့် အဲဒီလို သတင်းတွေဆို ဖတ်ရတာ တကယ့်ချောက်ချားစရာပေါ့။

图片默认标题_fororder_su4

ဒီတော့ ကူးစက် ရောဂါတွေကို မကြောက်ပါဘူးဆိုတဲ့ကျွန်မမှာ စိတ်ထဲကနေ မသိမသာ ကြောက်စိတ်တွေ ဖြစ်လာတာ ပြောမရုံ ကြုံဖူးမှ သိမှာအမှန်ပါ။ ဘယ်လောက်ထိ ကြောက်စိတ် ၀င်မိသလဲဆို။ အလုပ်မှာ ညနေဘက် သတင်း ဖတ်ရပြီဆိုရင် ကြောက်စိတ်က စိတ်ထဲဖြစ်လာ တာမို့ ကိုရိုနာနဲ့ ပတ်သက်တဲ့ သတင်းကို ဖတ်ရပြီဆို အသံမှာကိုက ကြောက်တဲ့ အသံလို အသံတွေတုန်ပြီး ကြောက်တော့တာပါပဲ။ ဒီတော့ ကြောက်စိတ်ကိုဖျောက်တဲ့အနေနဲ့ Fb ကိုမကြည့်တော့တာမျိုး၊ ရောဂါမကူးစက်နိုင်အောင် လူများတဲ့နေရာတွေမသွားဘဲ ကိုယ့်အခန်း ထဲမှာ နေတာမျိုး လုပ်ရပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က အရေးအကြီးဆုံးလို့ ပြောပြီး စိတ်ကို အားတင်းရပါတယ်။

    图片默认标题_fororder_su3

  တရုတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေအရှိန်ကောင်းကောင်းနဲ့ ဖြစ်ပွားနေတဲ့ ဇန်န၀ါရီ ၂၃ လောက်ကစပြီး ဘယ်သူမှ လမ်းပေါ် အပြင်ကို မထွက်ကြတော့ပါဘူး။ ထွက်ရင်လည်း N95 Mask တွေနဲ့ ဒါမှမဟုတ် Sargical Mask တွေနဲ့ပေါ့။ ဘယ်လောက်ထိ လမ်းမပေါ်မှာ လူမတွေ့ရတော့သလဲဆိုရင် အရင်က အင်မတန်လူစည်းကားတဲ့ လမ်းမကြီးတွေဆိုတာ လူမရှိ သလောက်ပေါ့။ အရင်ကဆို လမ်းပေါ်မှာ သွားလာလှုပ်ရှားသူမပြတ်၊ ပစ္စည်းပို့တဲ့ Delivery သမားတွေ ဆိုင်ကယ်ကိုယ်စီ မပြတ်နဲ့ စည်းကားလှတဲ့ လမ်းမတွေမှာ ကျီးနဲ့ဖုတ်ဖုတ်ဆိုသလို လူက မရှိသလောက်ကို မတွေ့ရတော့တာပါ။ ဒီလိုမတွေ့ရတော့လည်း သတင်းတင်တဲ့လူတွေက အဲဒီပုံတွေရိုက်ပြီး သတင်းတင်ကြပြန်ရောပေါ့။ လူသူမရှိတဲ့ တရုတ်လမ်းမကြီးများတို့ ဘာတို့ပေါ့။ တကယ့်အကြောင်းရင်းမသိတဲ့သူတွေ အဲဒီသတင်းဖတ်မိရင်တော့ တရုတ်ပြည်ကြီး တော်တော် အခြေအနေဆိုးနေပြီလို့ ထင်ကြမယ့် အနေအထားပါပဲ။

တိုက်ကွက်(၁)

      တကယ်တော့ လူဦးရေ သန်း ၁၄၀၀ ရှိတဲ့ တရုတ်နိုင်ငံမှာ လူတွေအတော်များများ လမ်းပြင် မထွက်တာကကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ခုခံကာကွယ်နေတယ်ဆိုတာ ဘယ်သူမှ မသိကြ တာပါပဲ။   ဘာလို့လဲဆိုတော့ သူတို့တွေအားလုံး အပြင်မထွက်ဘဲ အိမ်ထဲမှာ ကိုယ်စီနေတော့ ရောဂါကူးစက်ပြန့်နှံ့မှုကို တစ်နည်းနည်းနဲ့ ထိန်းနိုင်တာပေါ့။ အဲဒီမှာ တရုတ်အစိုးရရဲ့အခန်းကဏ္ဍ အရေးပါလာပါပြီ။ တရုတ်ပြည်သူတွေအားလုံး အပြင်မထွက်ဘဲ အိမ်ထဲမှာ နေလို့ရအောင်လည်း တရုတ်နိုင်ငံမှာက ဒီဂျစ်တယ်စီးပွားရေး ၀န်ဆောင်မှုတွေက တကယ့်ကို ဒီကူးစက်ရောဂါ ဖြစ်လာတဲ့အချိန်မှာ အတော့်ကို အသုံးကြတယ်လို့ ဆိုရပါမယ်။ ဒီလိုကူးစက်ရောဂါဖြစ်ပွားချိန်မှာ အစိုးရကလည်း တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ပိတ်ရက်တွေကို ပိုပြီး ပိတ်ပေးလိုက်ပါတယ်။ ဒီတော့ အလုပ်တွေပိတ်ထားတဲ့အတွက် လမ်းမပေါ် သိပ်ပြီး မထွက် ဖြစ်ကြတော့ပါဘူး။ အပြင်မှာ ဈေးတွေကို နေရာအနှံ့ပုံမှန်ဖွင့်ပေးထားပေမယ့် အသီးအနှံ၊ အသားငါး စသဖြင့် လိုအပ်တာ မှန်သမျှကို ဘယ်သူမှ အပြင်ထွက်ပြီး မ၀ယ်တော့ဘဲ အများစုက အွန်လိုင်းကနေပဲ ဈေးဝယ်ကြ ပါတော့တယ်။ အလုပ်က Canteen တွေ၊ ကျောင်း Canteen တွေကလည်း ရုံးပိတ်ရက်ဆိုပေမယ့် မပိတ်ပဲ ထမင်းဘူးတွေထုပ်ပြီး စားဖို့သောက်ဖို့ အဆင်ပြေအောင် လုပ်ပေးပါတယ်။ ကျောင်းသား တွေဆိုရင်လည်း Distance Learning (အဝေးသင်ပညာရေး) စနစ် ပြောင်းလိုက်တဲ့အတွက် အွန်လိုင်းကနေပဲ စာသင်တာတွေ လုပ်ရပါတော့တယ်။ ဒီတော့ အပြင်ထွက်စရာမရှိတော့ဘူးပေါ့။

      အလုပ်သမားတွေဆိုရင်လည်း အားလုံးက အင်တာနက်ကိုအသုံးပြုပြီး အွန်လိုင်းကနေပဲ အလုပ်လုပ်ကြပါတော့တယ်။ ဒီတော့ ဒီလို ကူးစက်ရောဂါဖြစ်ပွားချိန်မှာ လုပ်ငန်းတွေ ရပ်ဆိုင်း သွားတာမျိုး၊ လူတွေ ဆူပူအုံကြွမှုဖြစ်လာတာ မျိုးတွေ မဖြစ်ပေါ်တော့ဘဲ သူ့ဟာသူ စနစ်တကျ မှန်မှန်လေး လည်ပတ်နေတာကို တွေ့ရပါတယ်။

သက်ဆိုင်ရာစာရင်းအရဆိုရင် ကိုရိုနာကူးစက်ရောဂါဖြစ်ပွါးချိန်မှာ ဒီဂျစ်တယ်စီးပွါးရေးရဲ့ အရေးကြီးပုံဟာပိုပြီးထင်ရှားလာတာကို တွေ့ရပါတယ်။ အခုလောလောဆယ်မှာ တရုတ်ပြည် အင်တာနက် ကူးသန်းရောင်းဝယ်မှု ပလက်ဖောင်းတွေမှာ ကုန်ပစ္စည်းတွေ အရောင်းကောင်း တယ်လို့ ဆိုပါတယ်။ ကျွန်မကတော့ တရုတ်နိုင်ငံမှာ ဒီလို ဒီဂျစ်တယ် စီးပွါးရေးတွေ လျင်မြန်စွာ တိုးတက်လာခြင်းဟာ ကူးစက်ရောဂါရဲ့ဆိုးကျိုးများကို အနည်းနဲ့အများ လျော့နည်း လာစေ တယ်လို့ သုံးသပ်မိပါတယ်။ ဒါဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ တရုတ်လူမျိုးတွေရဲ့ တိုက်ကွက်တစ်ခုဆိုရင် ပိုမှန်ပါမယ်။

တိုက်ကွက် (၂)

      ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားပြီဆိုကတည်းက လူအများ အသိချင်ဆုံး မေးခွန်းက ဒီရောဂါ ဘယ်က စဖြစ်တာလဲဆိုတာပါပဲ။ တစ်ချို့တွေကတော့ ပြောကြပါတယ်။ ရောဂါပိုးမွှားတွေမွေးမြူတဲ့ စမ်းသပ်ခန်းကနေ လာတာဆိုပြီး။ အဲဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်း  တရုတ်ဘက်က  ပြန်ရှင်းထားတာ တွေ့ရပါတယ်။ တရုတ်သိပံ္ပပညာတံခွန် အသင်းကြီး ဝူဟန်မြို့ ဗိုင်းရပ်စ် သုတေသနဌာနက သုတေသီရှီကျင့်လိက သတင်းထောက်နဲ့တွေ့ဆုံရာမှာ ၂၀၁၉ ကိုရိုနာ ဗိုင်းရပ်စ်ဟာ သဘာဝလောကကြီးက လူသားများရဲ့ မယဉ်ကျေးတဲ့နေထိုင်မှုဘဝအကျင့်အပေါ် ဒဏ်ခတ်ခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ဟာ စမ်းသပ်ခန်းနဲ့ ဆက်စပ်မှုလုံးဝမရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ရှီကျင့်လိရဲ့ရေရှည်လုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ အမေရိကန် ရောဂါ ဇီဝပညာရှင် Peter Daszak ကလည်း သတင်းထောက်နဲ့တွေ့ဆုံရာမှာ ရောဂါသစ်၊ ဗိုင်းရပ်စ် သစ်ပေါ်ထွက်တိုင်း စမ်းသပ်ခန်းမှ ယိုထွက်တာဖြစ်တယ်၊ လူတစ်ဦးဦးရဲ့ အကြံဆိုးကြောင့် ဖြစ်စေတာဖြစ်တယ် အစရှိတဲ့အပြောအဆိုတွေ ပေါ်ထွက်တတ်တယ်၊ အဲဒါဟာရှက်ဖို့ကောင်းတဲ့ ဖြစ်ရပ်ပဲလို့ပြောဆိုခဲ့ပါတယ်။ အိန္ဒိယက သုတေသနပညာရှင် တစ်ဦးကလည်း ဇီဝပညာ သုတေသနပလက်ဖောင်း bioRxiv မှာထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်က စမ်းသပ်ခန်းမှလာတယ် ဆိုတဲ့ ဆောင်းပါးကို အဖြစ်မှန်နဲ့လုံးဝမကိုက်ညီတာကြောင့်ဖျက်သိမ်းလိုက်ပြီလို့ ပြောဆိုထားတဲ့ သတင်းတွေကို သတင်းမီဒီယာတွေမှာ ပြန်လည်ဖြေကြားခဲ့တာ တွေ့ရပါတယ်။ အဲဒီအတွက် လူထုရဲ့ စိုးရိမ်ပူပန်မှုတွေလည်း အနည်းနဲ့အများဆိုသလို ရုတ်ချည်းလျော့သွားတာ တွေ့ရပါတယ်။

တိုက်ကွက် (၃)

      ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေတစ်ရှိန်ထိုးဖြစ်လာပြီဆိုတာနဲ့ ကျွန်မ သတိထားမိတာ တစ်ခု ကတော့ တရုတ်အစိုးရဟာ လုပ်စရာရှိတာကို သူ့ပြည်သူတွေနဲ့အတူ အင်တိုက် အားတိုက် လုပ်သွားတာကို တွေ့ရတာပါပဲ။ အထူးသဖြင့် (၁၀)ရက်ထဲနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဝေနာရှင်တွေကို ထားဖို့အတွက် ကုတင် (၁၀၀၀)ဆန့် ဆေးရုံကြီး (၂)ခုကို အားချင်း တည်ဆောက်ပြခဲ့တာကို တစ်ကမ္ဘာလုံး အံ့သြလို့ မဆုံးကြပါဘူး။  တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ်လီခေ့ချန်ကိုယ်တိုင် ဒီဆေးရုံရဲ့ ဆောက်လုပ်ရေး လုပ်ငန်းကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တာတွေ့ရသလို ဆေးရုံရဲ့ဆောက်လုပ်ရေး လုပ်ငန်းစဉ်ကို အင်တာနက်မှာ တစ်ချိန်လုံး တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ ပြည်တွင်းပြည်ပကနေ သန်းပေါင်းများစွာသော လူတွေဟာ ကြီးကြပ်သူတွေလို နေ့တိုင်း ပါဝင်ကြည့်ရှုခဲ့ကြတာ တွေ့ရပါတယ်။ တစ်ကယ်လည်း “Huoshenshan” ဆေးရုံကို တည်ဆောက်တာ မြန်လည်းမြန်ပါတယ်။ အရည်အသွေးလည်း အာမခံပေးနိုင်တယ်လို့ တရုတ်တို့က ဆိုပါတယ်။ ကူးစက်ရောဂါအထူးကု ဆေးရုံနှစ်ခုကို (၁၀)ရက်အတွင်း ရက်တိုတိုနဲ့ ဆောက်လုပ်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် တရုတ်တို့ ဖြစ်အောင်လုပ်ပြလိုက်တဲ့ ပြောင်းလဲမှုကတော့ တကယ့်ကို တိုက်ကွက်လှလှကြီး တစ်ခုပဲလို့ ကျွန်မတော့ မြင်ပါတယ်။

      ဒါ့အပြင် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး ဘေကျင်းမှာ ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်နာ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး မေးမြန်းအကြံပေးနိုင်တဲ့ အွန်လိုင်းမေးမြန်းမှုအစီအစဉ်ကို တရားဝင် အင်တာနက်လိုင်းပေါ် တင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီ အင်တာနက်အွန်လိုင်းဝန်ဆောင်မှုမှာဆိုရင် ဆရာဝန် တစ်ထောင်ကျော်တို့က ၂၄နာရီမပြတ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေကို အခမဲ့ဖြေကြား ပေးတာမျိုးတွေ ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

      ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းမှာလည်း ကိုရိုနားဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ကြိုတင် ကာကွယ် နိုင်ဖို့အတွက် Novel Coronavirus (2019) အဆုတ်ရောင်ရောဂါအကြောင်း သိကောင်း စရာများဆိုပြီး သတိပေးကြေညာချက်တွေ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီ ကြေညာချက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကို ဘယ်လို ကြိုတင် ကာကွယ်မလဲ၊ ဘာဖြစ်လို့ လူတစ်ဦးက ရောဂါသည်နဲ့ ထိတွေ့ဆက်ဆံတာနဲ့ ၁၅ စက္ကန့်သာ ရှိပေမယ့် ကူစက်ခံရသလဲ ဆိုတဲ့ အကြောင်းတွေကို သက်ဆိုင်ရာဌာနတွေက ကျန်းမာရေး သတိပေးချက်တွေ သေချာထုတ်ပြန်တာ တွေ့ရပါတယ်။

ကျန်းမာရေးသတိပေးချက်တွေမှာတော့ “ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက အသက် ၅၆ နှစ် အရွယ် အမျိုးသား တစ်ဦးက ဟင်းသီးဟင်းရွက်ကို ဝယ်တဲ့အခါ ဘေးနားရှိ ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါသည်နဲ့ ၁၅ စက္ကန့်ကြာ နီးကပ်စွာ နေခဲ့ဖူးတယ်၊ သူတို့ နှစ်ယောက်စလုံး နှာခေါင်းစည်း မစည်းထားပါဘူး။ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က အဲဒီ အမျိုးသားကို ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ ကူးစက်ခံရတယ်လို့ အတည်ပြုခဲ့တယ်။ ဒါနဲ့ ဗိုင်းရပ်စ်က ဘယ်လို ကူးစက်တာလဲ၊ လူအများက ဘယ်လို ကြိုတင်ကာကွယ်သင့်သလဲ။

ပီကင်း အရေးပေါ် ကယ်ဆယ်ရေးစင်တာ ဒါရိုက်တာချုပ် ချင်ကြည့်က၊ ဗိုင်းရပ်စ်ကို အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တာ ဖြစ်တယ်။ အဲဒီ အမျိုးသားက ရောဂါသည်နဲ့ ထိတွေ့တဲ့ အချိန် တိုတောင်း ပေမယ့် ၁၅ စက္ကန့်အတွင်းပဲ ရောဂါသည်က နှာချေတယ် သို့မဟုတ် စကား ပြောတယ်၊ ပါးစပ်ထဲက ဗိုင်းရပ်စ်ဟာ လေထုထဲ စီးဆင်းသွားတာနဲ့အမျှ ကူးစက်နိုင်တယ်လို့ သုံးသပ် ပြောဆိုတာတွေ တွေ့ရပါတယ်။ အဲဒီအတွက် ကျန်းမာရေးပညာရှင်တွေက ကူးစက်ရောဂါ ပြင်းထန်တဲ့နေရာ သို့မဟုတ် လူများတဲ့နေရာမှာ နှာခေါင်းစည်း စည်းရမယ်လို့ တိုက်တွန်းတာတွေ၊ အပြင်ကနေ အိမ်ပြန်ပြီးရင် လက်ကို ရေဆေးကြပါ။  အိမ်မှာ လေဝင်လေထွက် ကောင်းအောင် လုပ်ပါ” စသဖြင့် ကျန်းမာရေးအသိပေး တိုက်တွန်းမှုတွေကို ထိထိရောက်ရောက် ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအတွက် လူထုက ကိုရိုနာဗိုင်းရပ်စ်မကူးစက်အောင် (၁) တတ်နိုင်သမျှ အပြင်သို့မထွက်ခြင်း။ (၂) ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း။(၃) ကျန်းမာရေးသတိအမြဲရှိခြင်းဆိုတဲ့ အသိတွေ ရရှိခဲ့တယ်လို့ မြင်ပါတယ်။ တိုက်ကွက်လေးတွေ မလှပေဘူးလား။

图片默认标题_fororder_su1

 တိုက်ကွက်(၄)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်လေကြောင်းလိုင်းအများအပြားကို နိုင်ငံအတော် များများက ရပ်ဆိုင်းလိုက်ကြတာလည်း အားလုံးအသိဖြစ်မှာပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီးတော့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်းယဉ်က တရုတ်မြို့ပြလေကြောင်းလိုင်းဟာ ရပ်ဆိုင်းမှာမဟုတ်ဘူးလို့ ဖြေကြားခဲ့တာ တွေ့ရပါတယ်။ တရုတ်မြို့ပြ လေကြောင်း လိုင်းများဟာ တိကျတဲ့ နည်းလမ်းများနဲ့ နိုင်ငံတကာလေကြောင်း ခရီးသည်များရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို အာမခံပေးမှာဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို လေယာဉ်နဲ့ ခရီးသွားခြင်းဖြင့် ကူးဆက်ခြင်းကို အများဆုံးလျှော့ချဖို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တရုတ်မြို့ပြ လေကြောင်း လိုင်းများ ရပ်ဆိုင်းမှာ မဟုတ်ကြောင်း ဖြေကြားခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် တရုတ်နွေဦးပွဲတော်ရုံးပိတ်ရက်ရှည် ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် လုပ်ငန်းခွင် အတွင်း သွားလာလှုပ်ရှားကြတော့မယ့်သူတွေ အများဆုံးအချိန်လည်း မကြာခင် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် တရုတ်လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ရထား၊ လေကြောင်းဌာနများဟာ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အစီအစဉ်အရ၊ ရထား ဘူတာရုံများမှာ ဝင်ထွက်သူများ ကိုယ်ပူချိန်တိုင်းတာရေးကို အားဖြည့်ပြုလုပ်မှာ ဖြစ်ကြောင်း၊ ရထားပေါ်မှာ ဖျားနေသူတွေ့ရှိပါက အမြန်ဆုံး ရထားပေါ်မှဆင်းခိုင်းပြီး သီးခြားထားမှာ ဖြစ်ကြောင်း၊ လေယာဉ်ပေါ်မှာလည်း ကူးစက်ရောဂါထိန်းချုပ်ရေးကို အဓိကထားလုပ်ဆောင်နေပြီး လေယာဉ် လေဝင်လေထွက်မှုနဲ့ ပိုးသတ်မှုများကို တိုးဖြည့်ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ တွေ့ရပါတယ်။

      အချုပ်အားဖြင့် တင်ပြရမယ်ဆိုရင်တော့ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးကို တရုတ်အစိုးရက ဘဏ္ဍာငွေများစွာ အသုံးပြုပြီး အဓိက ဦးစားပေး အနေနဲ့ ပြုလုပ်နေတာ တွေ့ရသလို နေရာအသီးသီးမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ပုံမှန် ပြန်လည်ဖြစ်စေဖို့အတွက် အာမခံချက်တွေ ပေးထားတာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း တရုတ်နိုင်ငံမှာ ဈေးကွက် တည်ငြိမ်မှု ရှိနေတာကိုလည်း တွေ့ရပါတယ်။

ဒါ့ကြောင့်  ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင်တော့ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို အောင်မြင်စွာ တိုက်ဖျက်နိုင်စွမ်း ရှိသလို ယုံကြည်စိတ်လည်း အပြည့်အဝရှိနေတယ်ဆိုတာ မြင်နေရပါတယ်။ ဒါ့အပြင် တရုတ်အစိုးရနဲ့အတူ တရုတ်ပြည်သူတွေ အားလုံးကလည်း စည်စည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နေတာ တကယ့်ကို လူအများထင်မထားတဲ့ တရုတ်လူမျိုးတို့ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ တိုက်ကွက်များလို့ပဲ ဆိုချင်မိပါတော့တယ်။            

  စုသက်မှူး (မရမ်းကုန်း)