梅皓

ရှီကျင့်ဖိန်နှင့် ဦးဝင်းမြင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2020-01-18 03:49:23  

 图片默认标题_fororder_习会见总统1

 ဒေသ စံတော်ချိန် ယခုလ ၁၇ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နေပြည်တော်တွင် မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ်၇၀ပြည့်မြောက်သည့် အခါသမယ၌ မြန်မာနိုင်ငံကို ယခုနှစ်တွင် မိမိ၏ ပထမဆုံး ခရီးလှည့်လည်သည့် နိုင်ငံ အဖြစ် ရွေးချယ်ခြင်းသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် တရုတ်-မြန်မာ ဆက်ဆံမှု နက်ရှိုင်းစေရေး အပေါ် လွန်စွာ အလေးထားခြင်းကို ပြသနေကြောင်း၊ မိမိသည် ယခုအကြိမ် မြန်မာ ခရီးစဉ်တွင် အချက် ၃ချက်ကို ဖော်ပြချင်ကြောင်း၊ ပထမ အချက်က မြန်မာ အစိုးရနှင့် မြန်မာ ပြည်သူများ၏ မြန်မာနိုင်ငံ ထူးခြားချက်ဝိသေသနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို စွဲကိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို အဆက်မပြတ် တွန်းအားပေးခြင်း အပေါ် တရုတ် အစိုးရနှင့် တရုတ်ပြည်သူများသည် ခိုင်မာပြတ်သားစွာ အားပေးထောက်ခံကြောင်း၊ ဒုတိယ အချက်ကတော့ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုသည် ခိုင်မာနက်ရှိုင်းသော အခြေခံ အုတ်မြစ်ကို ချမှတ်ခဲ့ပြီ ဖြစ်ကြောင်း၊ အေးအတူ ပူအမျှ တရုတ်-မြန်မာ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရန် အတူ ကြိုးပမ်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေးမှုသစ်နှင့် ရှင်သန်မှုသစ်များကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း၊ တတိယ အချက်က တရုတ်ပြည် အနေနှင့် မြန်မာနိုင်ငံနှင့် အတူ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ တွန်းအားပေးပြီး Belt and Roadအဆိုပြုချက်နှင့် မြန်မာ ဖွံ့ဖြိုးရေး မဟာဗျူဟာ အကြား ညီညွတ်စေရေးကို အရှိန်မြှင့် ဆောင်ရွက်ကာ နှစ်ဖက် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု တွင် ပိုမိုများပြားသော အောင်ကျိုးရလဒ်များ ရရှိစေ၍ နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှုများကို ဖန်တီးပေးလိုကြောင်း၊ တရုတ်ပြည်သည် မြန်မာနိုင်ငံနှင့် လက်တွဲပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံပြန့်ပွားစေပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အတူချမှတ်ကာ တရုတ်-မြန်မာ ဆက်ဆံမှု ခေတ်ကာလသစ်ကို ဖွင့်လှစ်ပေးလိုကြောင်း ပြောကြားသည်။

  ထို့အပြင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်သည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်မည် ဖြစ်ပြီး မည်သည့်အချိန်မှ ဗိုလ်ကျမှု ပြုမည် မဟုတ်ကြောင်း၊ တရုတ်ပြည်သည် နိုင်ငံတကာရေးရာများတွင် မြန်မာနိုင်ငံ၏ တရားဝင် အခွင့်အရေးနှင့် နိုင်ငံတော် ဂုဏ်သိက္ခာ ထိန်းသိမ်းကာကွယ်ခြင်းကို ဆက်လက် ခိုင်မာပြတ်သားစွာ အားပေးထောက်ခံ မည်ဖြစ်ကြောင်း ပြောကြားသည်။

  သမ္မတ ဦးဝင်းမြင့်က မြန်မာ အစိုးရနှင့် ပြည်သူများ ကိုယ်စား ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ တရားဝင် ချစ်ကြည်ရေး ခရီးလှည့်လည်ခြင်းကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ် ဖြစ်ပြီး မြန်မာ-တရုတ် ဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၇၀အတွင်း ရရှိခဲ့သော ကြီးမြတ်သော အောင်မြင်မှုများကို ဂုဏ်ပြုကြောင်း၊ တရုတ်ပြည်သည် မြန်မာ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် တိုင်းပြည် စီမံအုပ်ချုပ်ရေး အတွေ့အကြုံများကို ပိုမိုများပြားစွာ အတူမျှဝေခံစားရန် မျှော်လင့်ကြောင်း၊ တရုတ်ပြည်၏ အောင်မြင်သော အတွေ့အကြုံများသည် မြန်မာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူတို့၏ စားဝတ်နေရေး ကောင်းမွန်စေခြင်း၊ ဆင်းရဲမှု ပပျောက်စေရေးနှင့် ချမ်းသာမှု အကောင် အထည်ဖော်ရေး အတွက် ကောင်းမွန်သည့် အထောက်အကူဖြစ်မည်ဟု ယုံကြည်ကြောင်း၊  ရခိုင်ပြည်နယ် စသည့် ပြဿနာများနှင့် ပတ်သက်၍ တရုတ်ပြည်၏ နားလည်မှုနှင့် အားပေးထောက်ခံမှုများကို မြန်မာ နိုင်ငံသည် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် တရုတ်ပြည်၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ချီးကျူးကြောင်း၊ မြန်မာ နိုင်ငံ အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ခိုင်မာပြတ်သားစွာ စွဲကိုင်ပြီး ဟောင်ကောင်နှင့်မကာအိုတွင် တရုတ်ပြည် ကျင့်သုံးသည့် “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” မူဝါဒလမ်းစဉ်ကို လေးစားကြောင်း၊ ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ ခွဲခြား၍ မရသော အစိတ်အပိုင်း ဖြစ်သည်ဟု တစ်လျှောက်လုံး မှတ်ယူကြောင်း၊ မြန်မာနိုင်ငံသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ကမကထပြုသော လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို အားပေးထောက်ခံကြောင်း၊ တရုတ်ပြည်နှင့် အတူ အေးအတူ ပူအမျှ တရုတ်-မြန်မာ ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ကြ လိုကြောင်း၊ တရုတ်ပြည်သည် မြန်မာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကိုယ်ကျိုးမငဲ့သော ကူညီပံ့ပိုးမှုများကို ထောက်ပံ့ပေးအပ်ပြီး ပူးပေါင်းဆောင်ရွက်မှုများသည် ပြည်သူတို့၏ စားဝတ်နေရေးကို အကျိုးပြု စွမ်းဆောင်ကာ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်းကို အလေးထားကြောင်း၊ နှစ်ဖက်တို့သည် Belt and Roadမူဘောင် အတွင်း မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ အတူတည်ဆောက်ရေးကို တွန်းအားပေးခြင်းသည် မြန်မာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးကြောင်း၊ နှစ်ဖက်တို့၏ ပူးပေါင်းဆောင်ရွက်မှု တစ်နေ့တခြား နက်ရှိုင်းလာသည်နှင့်အမျှ မြန်မာ-တရုတ် ဆက်ဆံမှုသည် ပိုမိုကြီးမားသော တိုးတက်မှု ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။