辛甜

တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီများ မြန်မာနိုင်ငံ၌ လူမှုရေးတာဝန်ယူမှုကို အလေးထား၊ ဒေသခံပြည်သူအတော်များများ ကောင်းကျိုးခံစားရ

(GMT+08:00)2020-01-14 15:12:53  

   ယခုလ ၁၃ ရက်နေ့က တရုတ်-မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်း၏ လူမှုရေးတာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ အစီရင်ခံစာကို ကြားနာသော တရုတ်နှင့်မြန်မာဧည့်သည်တော်များက နှစ်နိုင်ငံ နီးကပ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးသည် မြန်မာပြည်တွင်း အလုပ်နေရာချထားရေးနှင့် လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး တရုတ်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ ကောင်းမွန်သော လူမှုရေးတာဝန်ယူမှုဆိုင်ရာ အသိစိတ်ဓါတ်နှင့် သက်ဆိုင်ရာဆောင်ရွက်ချက်များသည် ဒေသခံပြည်သူများ၏ နေထိုင်မှု အဆင့်အတန်းကို မြှင့်တင်ရန် အထောက်အကူပြုကြောင်း တညီတညွတ်တည်း ယူဆကြပါသည်။

      မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး ထန်ရှူဖုက တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုထဲက အရေးကြီးလုပ်ငန်းအနေနှင့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းသည် လုပ်ငန်းစတင်ချိန်ကစပြီး လူမှုရေးတာဝန်ယူမှု လိုက်နာကျင့်သုံးရေးဘက်တွင် လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့သည်ဟု ပြောကြားပါသည်။

ထန်ရှူဖုက ဆေးဝါးကုသရေး၊ ပညာရေး၊ မီး၊ ရေ ဖြန့်ဖြူးရေး၊ ကားလမ်း၊ ဆက်သွယ်ရေး၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး စသည့်နယ်ပယ်များမှ လူမှုစီးပွားရေးကူညီထောက်ပံ့ရေးလုပ်ငန်း စုစုပေါင်း ၂၈၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာလူငယ် ၂ သောင်းနီးပါးတို့၏ စာသင်သော ပတ်ဝန်းကျင်ကို ကောင်းမွန်စေပြီး လူ ၁ သန်း ၂သိန်းနီးပါးတို့သည် ပိုမိုလွယ်ကူအဆင်ပြေသော ဆေးဝါးကုသရေးဝန်ဆောင်မှုကို ခံရစေကာ ကျေးရွာအတော်များများတွင် မီး၊ သောက်သုံးရေ ၂၄ နာရီ ဖြန့်ဖြူးမှုကို အကောင်အထည်ဖေါ်ခဲ့ကြောင်း ပြောကြားပါသည်။

မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီ စီမံခန့်ခွဲရေးဌာနက ညွှန်ကြားရေးမှူး ဦးကယန်နော်အောင်က ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းဟာ မြန်မာပြည်သူများကို အမှန်တကယ် အကျိုးဆောင်ခဲ့ကြောင်း၊ ခေတ်မီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော နယ်ပယ်အသီးသီးက လူတော်လူကောင်းများကို ပြုစုပျိုးထောင်ရုံသာမက အခြေခံအဆောက်အဦများကို မြှင့်တင်ပေးပြီး အလုပ်နေရာ များစွာကို ဖန်တီးပေးကာ ဒေသခံပြည်သူများ၏ နေထိုင်မှုအဆင့်အတန်းကို သိသာထင်ရှားစွာ မြှင့်တင်ခဲ့သည်ဟု ပြောကြားပါသည်။

ကျောက်ဖြူပထမ အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးဝင်းနိုင်က ၄င်းလုပ်ငန်းမှ ကူညီထောက်ပံ့မှုကြောင့် ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများ စာသင်သော ပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာပြီး ၂၀၁၇ခုနှစ်တွင် မြန်မာ-တရုတ်ချစ်ကြည် ရေးကျောင်း တရားဝင်ဖြစ်သွားပြီဟု ပြောကြားပါသည်။

 သတင်းထောက်နှင့်တွေ့ဆုံရာတွင် ဦးဝင်းနိုင်က တရုတ်-မြန်မာနှစ်နိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ စီးပွားရေး၊ ပညာရေးနှင့် ဆေးဝါးကုသရေး စသည့်နယ်ပယ်တွင် အကူအညီများစွာ ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန် မြန်မာနိုင်ငံကို လာရောက်ခရီးလှည့်လည်မည်ဟူသောသတင်းကို ကြားသိသော အချိန်တွင် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ပြောကြားပါသည်။