梅皓

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ပြောကြားချက်သည် ဟောင်ကောင် ပြဿနာ ဖြေရှင်းရေး အတွက် ဦးတည်ချက် ညွန်ပြပေး

(GMT+08:00)2019-11-18 15:11:42  

  တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မကြာခင်က ဘရာဇီး နိုင်ငံတွင် BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ ၁၁ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရာ၌ ဟောင်ကောင်ပြဿနာနှင့် ပတ်သက်၍ တည်ကြည်လေးနက်သော သဘောထား ရပ်တည်ချက်ကို သိသာထင်ရှားစွာ ဖော်ပြခဲ့ရာတွင် အကြမ်းဖက် လှုပ်ရှားမှုနှင့် အခြေအနေ ရှုပ်ထွေးမှုကို ရပ်စဲခြင်းနှင့် ငြိမ်ဝပ်ပိပြားမှု ပြန်လည် ရရှိရေးသည် လောလောဆယ် ဟောင်ကောင်၏ အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ ဗဟို အစိုးရသည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ အစိုးရ၏ တရား ဥပဒေနှင့် အညီ စီမံအုပ်ချုပ်မှုကိုရော၊ ဟောင်ကောင်ရဲဘက်၏ တည်ကြည်လေးနက်သော တရားဥပဒေ ကျင့်သုံးမှုကိုရော၊  ဟောင်ကောင် တရားဥပဒေ လုပ်ငန်းဌာနများ၏ ဥပဒေအရ အကြမ်းဖက် အပြစ်ကျူးလွန်သူများအား အရေးယူမှုကိုပါ ဆက်လက် ခိုင်မာပြတ်သားစွာ အားပေးထောက်ခံမည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်ဟု China Media Groupက ဖော်ပြသည်။

  လွန်ခဲ့သည့် ၅လကျော် အတွင်း အကြမ်းဖက် လှုပ်ရှားမှု ပြုလုပ်သူများ သည် ”ဟောင်ကောင် သီးခြားလွတ်လပ်ရေး” လိုလားသည့် အင်အားနှင့်  ပြည်ပမှ အင်အားများ၏ သွေးထိုးလှုံ့ဆော်မှုဖြင့်  လမ်းပန်းဆက်သွယ်ရေး ဖျက်ဆီးမှု၊ ရိုက်နှက်မှု၊ လုယက်မှု၊ မီးရှို့မှု၊ ရဲများအား တိုက်ခိုက်မှုများကို ပြုလုပ်ကြောင်း၊ ယင်းလုပ်ရပ်များသည် တရားဥပဒေ စိုးမိုးခြင်းနှင့် လူမှုရေး တည်ငြိမ်မှု အပေါ် ဆိုးရွားစွာ ဖိနှိပ်မှုဖြစ်ပြီး ဟောင်ကောင်၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး အပေါ် ဆိုးရွားစွာ ဖျက်ဆီးခြင်း ဖြစ်ကာ ”တိုင်းပြည် တစ်ပြည် စနစ်နှစ်မျိုး” အခြေခံ မူဝါဒကို စိန်ခေါ်မှုလည်း ဖြစ်ကြောင်း၊

  ဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေးသည် ဟောင်ကောင် လူ့ဘောင်အဖွဲ့အစည်း၏ အမြုတေ အမြင်သဘော ဖြစ်ကြောင်း၊ တရုတ် ပိုင်နက်နယ်မြေတွင် တရားဥပဒေ စိုးမိုးခြင်း အပေါ် ဆိုးရွားစွာ ဖိနှိပ်မှု၊ ဟောင်ကောင်၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး အပေါ် ဆိုးရွားစွာ ဖျက်ဆီးမှုနှင့် ”တိုင်းပြည် တစ်ပြည် စနစ်နှစ်မျိုး” အခြေခံ မူဝါဒ အပေါ် စိန်ခေါ်မှုများ ဆက်လက်တည်ရှိခြင်းကို တစ်ပြားသားမှ ခွင့်မပြုကြောင်း China Media Groupက ဖော်ပြသည်။