朱蕾

ရှီကျင့်ဖိန်သွားရောက်မည့် ဂရိနှင့် ဘရာဇီးနိုင်ငံခရီးစဉ်များမှ ရရှိမည့် အောင်ကျိုးရလဒ်များ အပေါ် လူများက မျှော်မှန်းလျက်ရှိသည်

(GMT+08:00)2019-11-08 14:35:58  

ဂရိနိုင်ငံ သမ္မတ  Pavlopoulos နှင့် ဘရာဇီးနိုင်ငံ သမ္မတ Bolsonaro ၏ ဖိတ်ကြားချက်အရ၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ  ရှီကျင့်ဖိန်သည်၊ ယခုလ ၁၀ရက်နေ့မှ ၁၅ ရက်နေ့အထိ ဂရိနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည့်အပြင်၊ ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တော်၌ ကျင်းပသည့် BRICS နိုင်ငံခေါင်းဆောင်များ ၁၁ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲသို့လည်း တက်ရောက်မည်ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံများက ရှီကျင့်ဖိန်၏ လာမည့် ဂရိ နှင့် ဘရာဇီးနိုင်ငံ ခရီးစဉ်များမှ ရရှိမည့် အောင်ကျိုးရလဒ်များအပေါ် လူများက မျှော်မှန်းလျက်ရှိ ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ချင်ကန်က၊ တရုတ်၊ ဂရိ နှစ်နိုင်ငံတို့သည်၊ အပြန်အလှန်လေးစားပြီး အပြန်အလှန်ယုံကြည်အားကိုးထားသော မိတ်ဆွေကောင်းများ ဖြစ်ကြကြောင်း၊ ရှီကျင့်ဖိန်၏ ဂရိနိုင်ငံ ခရီးစဉ်တွင် ဂရိ သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးမည့်အပြင်၊ အရေးကြီး ပူးပေါင်းဆောင်ရွက်မှု စာချုပ်များကို လက်မှတ် ရေးထိုးချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

BRICS နိုင်ငံခေါင်းဆောင်များ ၁၁ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တော်၌ ကျင်းပမည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး မာကျောင်ရွှီက ယင်းဆွေးနွေးပွဲသို့ ရှီကျင့်ဖိန် တက်ရောက်ခြင်းသည်၊ တရုတ်ပြည်မှ ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရှေးရှု သော အရေးကြီး နိုင်ငံခြားရေး ဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။