令狐少萍

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ၊ မည်သည့် အင်အား မဆို တရုတ်ပြည် ချီတက်ရေးကို တားဆီးနိုင်မည် မဟုတ်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2019-10-01 15:30:36  cri

图片默认标题

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၁ ရက်နေ့က ပီကင်း ထျန်းအန်းမင် ရင်ပြင်ကြီး၌ ခမ်းနား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ မည်သည့် အင်အား မဆို တရုတ်ပြည်၏ နေရာကဏ္ဍကို ပြုပြင် နိုင်မည် မဟုတ်ကြောင်း၊ မည်သည့် အင်အား မဆို တရုတ်ပြည် ချီတက်ရေးကို တားဆီးနိုင်မည် မဟုတ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၇၀ အတွင်း တရုတ် တိုင်းရင်းသား ပေါင်းစုံတို့သည် အခက်အခဲများ ကျော်လွှားပြီး တက်ညီလက်ညီ ကြိုးပမ်းအားထုတ်ကာ ကမ္ဘာကြီး အံ့သြ ဖွယ်ရာ ဖြစ်သည့် ကြီးမြတ်သော တိုးတက်အောင်မြင်မှုများကို ရရှိခဲ့ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ရှေ့သို့ချီတက်သော လမ်းကြောင်းပေါ်တွင် ငြိမ်းချမ်းစွာ တပေင်းတစည်းတည်းဖြစ်ရေး၊ တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး မူဝါဒကို စွဲကိုင် ရမည်ဖြစ်ပြီး ဟောင်ကောင်၊ မကာအို ရေရှည်စည်ပင်သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားပါသည်။   

ရှီကျင့်ဖိန်က၊ ချီတက်ရေး လမ်းစဉ်ပေါ်တွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးရှိစေသည့် တံခါးဖွင့်ရေး မဟာဗျူဟာကို ကျင့်သုံးရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများနှင့် အတူ လူသား ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   ရှီကျင့်ဖိန်က၊ တရုတ်ပြည်၏ အနာဂတ်ရေးသည် ပိုမိုသာယာမှာ သေချာကြောင်း၊ ပါတီ တစ်ရပ်လုံး၊ တပ်မတော် တစ်ရပ်လုံး၊ တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံတို့ အနေနှင့် ရင်းနှီးစွာ သွေးစည်းညီညွတ်ပြီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပိုမို ကောင်းမွန်စွာ ခိုင်မြဲလာအောင်၊ ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရန်၊ “နှစ် တစ်ရာ နှစ်ခု” ကြိုးပမ်း ဆောင်ရွက်ရေး ရည်မှန်းချက် ဖေါ်ဆောင်ရေးနှင့် တရုတ် အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေး အိပ်မက် ဖေါ်ဆောင်ရေးအတွက် ဆက်လက် ကြိုးပမ်းကြရန် လှုံ့ဆော် ထားပါသည်။

ဆက်လက်ပြီး ဗိုလ်ရှုသဘင်ပွဲ အခမ်းအနားကို ထျန်းအန်းမင် ရင်ပြင်ကြီး၌ ခမ်းနား ကြီးကျယ်စွာ ပြုလုပ်ခဲ့ပါသည်။ ရှီကျင့်ဖိန်သည် တရုတ်ပြည် ကိုယ်တိုင် သုတေသနပြု ထုတ်လုပ်သော အမျိုးအစားသစ် ဟုန်ချီ တံဆိပ် မော်တော်ကား စီးပြီး ချန်အန်း လမ်းမကြီးတွင် တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ တပ်မတော် အဖွဲ့ ၅၉ ဖွဲ့တို့မှ စစ်မှုထမ်း ၁၅၀၀၀ ခန့်၊ လေယာဉ် အမျိုးအစားစုံ အစင်း ၁၆၀ ကျော်၊ လက်နက် စက်ပစ္စည်း ၅၈၀ ကျော်တို့ ဗိုလ်ရှုသဘင်ပွဲတွင် ပါဝင် ပြသပြီး ပြီးခဲ့သည့် ဗိုလ်ရှုသဘင်ပွဲများထက် အတိုင်းအတာ အကြီးကျယ်ဆုံး ဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၇၀ အတွင်း တရုတ် နိုင်ငံတော် ကာကွယ်ရေး သိပံ္ပနည်းပညာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အရည်အချင်းနှင့် တပ်မတော် တည်ထောင်ရေးဆိုင်ရာ ကြီးမားသော တိုးတက် ပြောင်းလဲမှုများကို ပြသထားပါသည်။

ဗိုလ်ရှုသဘင်ပွဲ အခမ်းအနား အပြီးတွင် တရုတ် အိပ်မက် ဖေါ်ဆောင်ရန် တက်ညီလက်ညီ လက်တွဲ ကြိုးပမ်းဆောင်ရွက်ခြင်း ဆောင်ပုဒ် အဖြစ် ထားသည့် ပြည်သူလူထုများ တန်းစီ လှည့်လည်ပွဲကိုလည်း ကျင်းပခဲ့ပါသည်။ ပြည်သူလူထု ၁ သိန်းကျော်နှင့် အလှပြကားအုပ်စု ၇၀ စုတို့သည် လေးထောင်ပုံ ၃၆ ခု ဖွဲ့ပြီး အမိနိုင်ငံအား ချီးကျူး ဆုမွန်ကောင်း တောင်းကြောင်း ဖေါ်ပြကြပါသည်။