徐敏霞

အမေရိကန် နိင်ငံရေးသမားများက "လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်မှု" ဆိုတာကို ပြစ်တင် ဝေဖန်ဖို့ အရည်အချင်း မရှိဘူး

(GMT+08:00)2019-07-20 11:16:19  

ဒီလ ၁၈ ရက်နေ့မှာ အမေရိကန် ဒုသမ္မတ ပင့်စ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုတို့က၊ တရုတ်နိုင်ငံဟာ လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်မှုကို ဖိနှိပ်တယ်၊ လူ့အခွင့်အရေးကို ကျူးလွန်တယ်လို့ အသီးသီး ပြစ်တင် ပြောဆိုခဲ့ကြတယ်။ အမေရိကန် အဆင့်မြင့် အရာရှိ အနေနဲ့ သူတို့ဟာ ဘာသာရေးနဲ့ လူ့အခွင့်အရေးကို အကြောင်းပြပြီး တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ခဲ့ကြတယ်။ သူတို့ဟာ တရုတ်နိုင်ငံမှာ သွေးခွဲမှုနဲ့ ရှုပ်ထွေးမှုကို ပြုလုပ်ဖို့ ကြံဆပြီး တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုကို ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခတ်သွားမှာ သေချာတယ်။

ပင့်စ်နဲ့ ပွန်ပေအို့တို့က တရုတ်ပြည် ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ အသက်မွေးပညာသင်တန်းစင်တာတွေကို မဟုတ်မမှန် သရုပ်ပျက် ပြောဆိုပြီး တရုတ်နိုင်ငံက ရှီးဇန့် ဒေသရှိ ဗုဒ္ဓဘာသာ ပုဂ္ဂိုလ်များကို ဖိနှိပ်မှုတွေ ပြုလုပ်တယ်လို့လည်း ပုတ်ခတ် စွပ်စွဲ ပြောဆိုခဲ့တယ်။

တရုတ်ပြည် ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ပျမ်းမျှအားဖြင့် မူစလင် ဦးရေ ၅၃၀ လျှင် ဗလီကျောင်း တစ်ကျောင်း ရှိပြီး စုစုပေါင်း ဗလီကျောင်း ၂၄၄၀၀ ကျော် ရှိပါတယ်။ ဒေသခံအစိုးရဟာ အသက်မွေးပညာသင်တန်းစင်တာတွေကို ဖွင့်လှစ် ထားရှိပြီး၊ ဘာသာစကား၊ ဥပဒေပညာ၊ သက်မွေးပညာနဲ့ အစွန်းရောက်ဝါဒ ဖျက်ပစ်ရေး သင်တန်းများကို အဓိက သင်ကြားပို့ချနေပါတယ်။ ရည်ရွယ်ချက်ဟာ ပြစ်မှု အနည်းငယ် ကျူးလွန်သူများကို အသိပညာပေးပြီး အကြမ်းဖက်မှုကို မဖြစ်ပွါးခင်မှာပဲ ဖျက်ပစ်နိုင်ဖို့ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ ရှင်းကျန်းဒေသမှာ အကြမ်းဖက်မှု မဖြစ်ပွါးတာ သုံးနှစ်လောက် ရှိပြီလို့ သိရပါတယ်။ ဂျနီဗာရှိ ရုရှား၊ ဆော်ဒီရေးဗျ၊ ပါကစ္စတန် အပါအဝင် နိုင်ငံ ၃၇ နိုင်ငံမှ သံမတ်ကြီးတို့ဟာ မကြာခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိတို့ကို ပူးတွဲ သဝဏ်လွှာ ပေးပိုပြီး၊ ရှင်းကျန်း ဒေသမှာ လူ့အခွင့်ရေးလုပ်ငန်းဆိုင်ရာ တိုးတက်အောင်မြင်မှုနဲ့ အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ အောင်ကျိုးရလဒ်များကို ချီးကျူး ခဲ့ကြပါတယ်။

တရုတ်ပြည် ရှီးဇန် ဒေသမှာ ဆိုရင်၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် သက်ဆိုင်ရာ ဘာသာရေးနေရာ ၁၇၀၀ ကျော် ရှိပြီး ဘုန်းကြီး သီလရှင် ၄၆၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံရေးသမား တစ်ချို့ရဲ့ စံနှစ်မျိုးထားပြီး လုပ်ဆောင် ပြောဆိုခြင်းဟာ လူသိမခံဝံ့တဲ့ ရည်ရွယ်ချက် ရှိတာ ဖြစ်တယ်။ အမေရိကန် ကိုယ်တိုင်ပဲ ဘာသာရေး လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးမှာ သတင်းဆိုး များပြီး လူအများရဲ့ ပြစ်တင်မှု ကျယ်ကျယ်ပြန့်ပြန့် ခံနေရတယ်။ ကိုက်လိုဘ်နဲ့ ပီယို စင်တာမှ စစ်တမ်းကောက်ယူမှု ရလဒ် အရ၊ အမေရိကန်မှာ ပြည်သူလူထု ၄၂ ရာခိုင်နှုန်းဟာ လူမျိုးစု ဆက်ဆံရေး အပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်နေပြီး မူစလင် ၇၅ ရာခိုင်နှုန်းဟာ အမေရိကန်မှာ မူစလင်ကို ပြင်းထန်စွာ အထင်သေးမှု ရှိတယ်လို့ ယူဆပါတယ်။ အမေရိကန် နိင်ငံရေးသမားများက "လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်မှု" ဆိုတာကို ပြစ်တင် ဝေဖန်ဖို့ အရည်အချင်း မရှိတဲ့အပြင် သူတို့ရဲ့ ကြံဆမှုတွေလည်း ထမြောက်နိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်ပညာရှင်များက ပြောကြား ကြပါတယ်။