梅皓

အိမ်ဖြူတော်၏ ကုန်သွယ်ရေး မူဝါဒသည် အမေရိကန် စီးပွားရေးကို ထိခိုက်စေသည်ဟု အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူးများဆို

(GMT+08:00)2019-05-24 15:12:54  

  အမေရိကန် ဒေသ စံတော်ချိန် ယခုလ ၂၂ရက်နေ့မှ ၂၄ရက်နေ့အထိ ပဉ္စမ အကြိမ် တရုတ်-အမေရိကန် ပြည်နယ် အုပ်ချုပ်ရေးမှူးများ ဖိုရမ်ကို အမေရိကန် နိုင်ငံ ကင်တာကီ ပြည်နယ် လက္ကဆင်တန်မြို့တွင် ကျင်းပနေကြောင်း၊ ဖိုရမ် ကျင်းပစဉ် အတွင်း ကင်တာကီ ပြည်နယ် အုပ်ချုပ်ရေးမှူး မက် ဘေဗင်နှင့် ဝါရှင်တန် ပြည်နယ် ဒုအုပ်ချုပ်ရေးမှူး ဆိုင်ရပ်စ် ဟာဘစ်က သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အမေရိကန် အစိုးရ၏ ကုန်သွယ်ရေး မူဝါဒ ဆိုင်ရာ မရေမရာဖြစ်မှုများသည် အမေရိကန် စီးပွားရေးကို ထိခိုက်စေကြောင်း၊ အမေရိကန်မှ ပိုမိုများပြားသော ပြည်နယ်အစိုးရများအား တရုတ်ပြည်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန် အားပေးမည် ဖြစ်ကြောင်းလည်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

  ပဉ္စမ အကြိမ် တရုတ်-အမေရိကန် ပြည်နယ် အုပ်ချုပ်ရေးမှူးများ ဖိုရမ်တွင် စီးပွား ကုန်သွယ်ရေး ဆက်ဆံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခေတ်မီ ကုန်ထုတ်လုပ်မှု၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် အွန်လိုင်း ကုန်သွယ်ရေးစသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ အလေးထား ဆွေးနွေးနေကြောင်း၊ အမေရိကန် ဆိုင်ရာ တရုတ် သံအမတ်ကြီး ဆွေးထျန်းခိုင်၊ တရုတ်ပြည်သူ့ နိုင်ငံတကာ ချစ်ကြည်ရေး အသင်း တာဝန်ခံ၊ တရုတ်ပြည် ချုံချင့်၊ ရှမ်ရှီး၊ ကျန်းရှီးနှင့် ကန်းစုပြည်နယ်များမှ တာဝန်ခံများ၊ အမေရိကန် နိုင်ငံ ကင်တာကီ၊ တင်နယ်စီ၊ ကိုရိုလာဒို၊ မီရှီကင်နှင့် ဝါရှင်တန်စသည့် ပြည်နယ်များမှ တာဝန်ခံများသည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

  ကင်တာကီ ပြည်နယ် အုပ်ချုပ်ရေးမှူး မက်ဘေဗင်က ကုန်သွယ်ရေး မူဝါဒ ဆိုင်ရာ မရေမရာဖြစ်မှုများသည် အမေရိကန် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံရေး အပေါ် အခက်အခဲများ ကို ဆောင်ကြဉ်းလာကြောင်း ပြောကြားသည်။ ဝါရှင်တန် ပြည်နယ် ဒုအုပ်ချုပ်ရေးမှူး ဆိုင်ရပ်စ် ဟာဘစ်က မရေမရာဖြစ်မှုများသည် ဝါရှင်တန် ပြည်နယ်ရှိ ကုမ္ပဏီများ၏ လုပ်ကိုင် ဆောင်ရွက်မှုကို ဂယက်ရိုက်ခတ်နေကြောင်း ပြောကြားသည်။