邹立莹

ဆောင်ရွက်မှု ငါးရပ်နဲ့ တရုတ်ပြည်ရဲ့ တံခါးဖွင့်ရေးကို တွန်းအားပေး

(GMT+08:00)2019-04-27 09:53:48  

ဒီလ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားပြီး၊ Belt and Road လက်တွဲ တည်ဆောက်ရေးကို အရည်အသွေး မြင့်မားစွာ တိုးတက်ဖို့ တွန်းအားပေးရမှာ ဖြစ်ကြောင်း အလေးအနက် ဖေါ်ပြတဲ့ အပြင်၊ အနာဂတ်မှာ တရုတ်နိုင်ငံ ကျင့်သုံးမယ့် တံခါးဖွင့်ရေးလုပ်ငန်း တိုးချဲ့ရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်မှု ငါးရပ်ကိုလည်း ကြေညာ ထားပါတယ်။ ဆိုလိုတာက ပိုမို တံခါးဖွင့်တဲ့ တရုတ်နိုင်ငံဟာ Belt and Road အရည်အသွေး မြင့်မားစွာ အဆက်မပြတ် တိုးတက်ရေးကို တွန်းအား ပေးမယ့်အပြင်၊ ကမ္ဘာ့စီးပွါးရေး တိုးတက်မှုနဲ့ နိုင်ငံတကာ စီးပွါးရေး စီမံခန့်ခွဲမှုအတွက်လည်း အခွင့်အလမ်းသစ်များကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ပိုမိုများပြားတဲ့ လုပ်ငန်းနယ်ပယ်များမှာ နိုင်ငံခြား ငွေရင်းများ ဈေးကွက်ဝင်ခွင့်ကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အဲဒါဟာ မကြာခင်က တရုတ်နိုင်ငံ ထုတ်ပြန်တဲ့ နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေးဥပဒေ လက်တွေ့ကျ ဖေါ်ဆောင်ရေးကို အထောက်အကူ ပြုမှာ ဖြစ်ပြီး နိုင်ငံခြား ငွေရင်းမြှုပ်နှံသူများအတွက် ပိုမို တရားမျှတတဲ့ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးမှာ ဖြစ်ပါတယ်။ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံဟာ ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဥပဒေစည်းစနစ် ပိုမို ပြည့်စုံ ကောင်းမွန် လာအောင် ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ နိုင်ငံခြား ပညာမူပိုင်ခွင့် ပိုင်ဆိုင်သူများရဲ့ တရားဝင် အခွင့်အရေးကို အားဖြည့် ထိန်းသိမ်းကာကွယ် ပေးမှာ ဖြစ်ကြောင်း၊ နည်းပညာ အတင်းအဓမ္မ လွှဲပြောင်းပေးအပ်ခြင်းကို တားမြစ်မှာ ဖြစ်ကြောင်း၊ ပညာမူပိုင်ခွင့် ကျူးလွန်မှုကို ဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် အရေးယူ တိုက်ဖျက်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဆိုင်ရာ တင်သွင်းမှုကို အတိုင်းအတာ ပိုမို ကြီးမားစွာ တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အဲဒါဟာ တရုတ်နဲ့ နိုင်ငံ အသီးသီးတို့ရဲ့ ကုန်သွယ်မှု ပိုမို ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံတကာ မက္ကရို စီးပွါးရေး မူဝါဒ ညှိနှိုင်းရေးကို ပိုမို ထိရောက်စွာ ဖေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံဟာ ကမ္ဘာ့ အဓိက စီးပွါးရေး အုပ်စုများနဲ့ မက္ကရို မူဝါဒဆိုင်ရာ ညှိနှိုင်းမှုကို အားဖြည့် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တံခါးဖွင့်ရေးဆိုင်ရာ မူဝါဒများ အကောင်အထည်ဖေါ်ဆောင်ရေးကို ပိုမို အလေးထားမှာ ဖြစ်ပါတယ်။ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံဟာ ကမ္ဘာ့ နိုင်ငံ အသီးသီးတို့နဲ့ ရရှိတဲ့ နိုင်ငံစုံနဲ့ နှစ်ဖက်အကြား စီးပွါးကုန်သွယ်ရေး သဘောတူစာချုပ်များ ကျင့်သုံး ဖေါ်ဆောင်ရေးကို မြင့်မားစွာ အလေးထားကြောင်း၊ တံခါးဖွင့်ရေးလုပ်ငန်း တိုးချဲ့ရေးဆိုင်ရာ လိုအပ်ချက်များနဲ့အညီ စည်းမျဉ်းဥပဒေများ ပိုမို ပြည့်စုံ ကောင်းမွန် လာအောင် ပြင်ဆင်သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

图片默认标题_fororder_微信图片_20190427095314