ရည်ရော်မျှော်မှန်း၊ သီတင်းကျွတ်အလွမ်း

(GMT+08:00)2017-12-16 03:10:20  CRI

                    

နက်ဖြန်ဆို သီတင်းကျွတ်လပြည့်နေ့ ရောက်ပြီ၊ ငယ်တုန်းက သီတင်းကျွတ်လပြည့်နေ့ ရောက်ရင် မိဘနှစ်ပါးနဲ့အတူညီအစ်မတတွေ ပျော်ပျော်ပါးပါးနဲ့ ဘုရားသွားပြီး ကုသိုလ် ကောင်းမှု ပြုပြီးတာနဲ့ အိမ်အပြန်လမ်းမှာ ဖေဖေက ဇနီးနဲ့သမီးတွေစားချင်တာကို မေးပြီး ၀င်စားကြ၊ ပြီးတော့ အိမ်ရောက်တာနဲ့ မိဘနှစ်ပါးကို မောင်နှမတွေရတဲ့ မုန်ဖိုးလေးတွေ စုပြီး တတ်နိုင်တာလေးနဲ့ မိဘနှစ်ပါးရဲ့ ခြေအစုံကိုဦးတိုက်ကန်တော့ကြပြီး အလွန် ပျော်ရွှင် ခဲ့ကြတာတွေကို ပြန်လည်တမ်းတနေမိပါတယ်။ ဒီမှာ တစ်ခုပြောဖို့ရှိသေးတာက မိသားစုထဲ မှာ ကိုကိုတစ်ယောက်က အမြဲတမ်း လိုလိုမပါတဲ့ အချိန်ကများနေတတ်တယ်။ ယောက်ျား လေးဆိုတော့ သူကသီးခြား နေချင် တယ်လေ။ ဒါပေမဲ့ မိဘနှစ်ပါးကို ကန်တော့ချိန်ကိုတော့ ရောက်အောင် ပြန်လာ တတ်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ့ဓလေ့၊ရိုးရာယဉ်ကျေးမှုကြောင့် ဒီလိုအပျော်တွေကို ခံစားခဲ့ရတာ ပါ။ ပြီးတော့ အဖိတ်နေ့ရယ်၊ လပြည့်နေ့ရယ်၊ လပြည့်ကျော်တစ်ရက်နေ့ရယ် သုံးရက်ဆက် ပြီး ညဘက်မှာ ဆီမီးအမျိုးမျိုးကို ပူဇော်ကြတာကလည်း မမေ့နိုင်စရာတစ်ခုပါပဲ၊ ဖေဖေက သူကိုယ်တိုင် မီးပုံလှလှလေးတွေကို လုပ်ပြီးပေးတာမို့၊ ဖေ့ လက်ဖြစ်မီးပုံးနဲ့တစ်မျိုး မေမေ့ စိတ်ကြိုက် အလင်းတိုင်ထွန်းညှိပူဇော်ကြတာက တစ်ဖုံနဲ့မို့ အရမ်းကို ကြည်နူးပျော်ရွှင်ခဲ့ကြ ရပါတယ်။ ပြီးတော့ ဖေ ကလေ သမီးလေးတွေအတွက် လက်တွန်းမီးပုံးလှလှလေးတွေကို လည်း တစ်နှစ်တစ်မျိုး ပုံစံမထပ်ရလေအောင် လုပ်ပေးတတ်တာမို့ ပိုပျော်ရွှင်ခဲ့ရတာပါ။

ဖေနဲ့မေ ပြောနေကြဆုံးမစကားလေးတွေကတော့ ဒီလိုလရာသီမှာ မြတ်စွာဘုရားရှင်ကို အမှုးထားပြီး၊ မိဘ၊ဆရာ၊လူကြီးသူမတွေကို အသက်ထက်ဆုံးကန်တော့ရမယ်၊ ကောင်းမှု ကုသိုလ်တွေကို တတ်နိုင်သလောက်လုပ်ပေးရမယ်တဲ့။ ဒါကြောင့် ဒီနေ့၊ ဒီရက်မှာတော့ဖြင့် ခြေအစုံကိုလက်အုပ်မိုးပြီး ဦးတိုက်ခွင့်လည်းမရှိတော့တာမို့ ဖေနဲ့မေ ပြောဆိုဆုံးမခဲ့တဲ့ စကားခွန်းလေးတိုင်းကို ပြန်လည်ကြားယောင်ရင်း အဝေးတစ်နေရာကို ခေတ္တခဏရောက် နေတဲ့ သမီးလေးက မြတ်စွာဘုရားရှင်နဲ့တကွ မြင့်မြတ်တဲ့ဘုံဘ၀ကမိဘနှစ်ပါးနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၊ လူကြီးမိဘ၊ အစ်ကို၊အစ်မများကို စိတ်ရည်မှန်းပြီး လက်အုပ်ချီမိုး တောင်းပန် ကန်တော့လိုက်ရပါကြောင်း…….

                          ရည်ရော်မျှော်မှန်း၊ သီတင်းကျွတ်အလွမ်း