"ကောင်းတာလေးတွေ ပြိုင်ကြရအောင်"

(GMT+08:00)2017-12-16 03:10:23  CRI

"ကောင်းတာလေးတွေ ပြိုင်ကြရအောင်"

        

           ကျွန်တော်တို့တွေအားလုံးဟာ နေ့စဉ်နှင့်အမျှယှဉ်ပြိုင်မှုတွေနှင့်ရင်ဆိုင်နေကြရပါတယ်။ တစ်ယောက်နှင့်တစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်တွေ့နှင့် ရှင်သန်နေ ကြရပါတယ်။ နောက်ဆုံးဗျာ-- အများနှင့်မပြိုင်ရင်တောင် ကိုယ့်ကိုကိုယ်ပြန်ပြိုင်နေကြရပါတယ်။ ကောင်းသောယှဉ်ပြိုင်ခြင်းနှင့် မကောင်းသောယှဉ်ပြိုင်ခြင်းသာ ကွာတာပါ။ ပြိုင်ဆိုင်မှုတွေ မရှိဘူး လို့ ဆိုလာသူဟာ သူ့ကိုယ်သူရော အခြားသူတွေကိုပါ လိမ်ညာနေတယ်လို့ဆိုပါရစေ။ (တကယ် လို့ ရှိခဲ့ရင်လည်း အဲဒီသူဟာ တကယ့်ကို ပါရမီရှင်ဖြစ်လို့ပါ)။ လူတွေအားလုံးခံယူထားတာက လည်း ပြိုင်ဆိုင်မှု ရှိမှ တိုးတက်မယ်ဆိုတဲ့ လက်တွေ့ကျတဲ့သဘောတရားတစ်ရပ်ကိုပါ။

           ပြိုင်ဆိုင်တာကောင်းပါတယ်။ ဒါပေမယ့် ကောင်းသောယှဉ်ပြိုင်ခြင်းတော့ ဖြစ်ဖို့လိုပါမယ်။ လူရယ်လို့ဖြစ်လာရင်တော့ လောဘ၊ဒေါသ၊ မောဟတရားတွေနှင့်ဘယ်သူမှ မကင်းနိုင်တာ အမှန် ပါ။ ဒီတရားသုံးပါးကပဲ လူတွေကို အချင်းချင်းယှဉ်ပြိုင်မှုတွေ ဖြစ်စေတာလည်းဖြစ်ပါတယ်။ လောဘ ကြောင့်ဖြစ်တဲ့ ယှဉ်ပြိုင်မှု၊ ဒေါသကြောင့်ဖြစ်တဲ့ယှဉ်ပြိုင်မှု၊ မောဟကြောင့်ဖြစ်တဲ့ ယှဉ်ပြိုင်တွေက လူတွေရဲ့ကောင်းကျိုးကို ပေးတာကနည်းနည်း၊ မကောင်းကျိုးပေးတာကများများဆိုတာ ကိုယ် ကျင်လည်ရာပတ်ဝန်းကျင်တွေကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ရုံနှင့် သိသာနိုင်ပါတယ်။

      ဒါဆို ဘာတွေပြိုင်ရမလဲ။ ကောင်းတာတွေပဲပြိုင်ပေါ့။ ဘာတွေက ကောင်းသော ယှဉ်ပြိုင်ခြင်း လို့ပြောနိုင်မလဲ။ သူဒေါသဖြစ်နေတာကို ကိုယ်ကပါ ဒေါသနှင့်ပြိုင်ရင် ဘာဖြစ်လာမလဲ၊ သူ့က မောဟအမှောင်ဖုံးလို့ စဉ်းစားဥာဏ်မဲ့ လာပြိုင်တာကို ကိုယ့်ကလည်း ဘာမသိညာမသိ မောဟ တရားနှင့် ပြန်ပြိုင်မယ်ဆိုရင် ဘာဖြစ်လာမလဲ။ လောဘချင်းပြိုင်လို့ လိုတာထက်ပိုသွားရင်ရော ဘာတွေဖြစ်လာနိုင်သလဲ။ စဉ်းစားကြည့်ပေါ့ဗျာ။ သူများမကောင်းလို့ ကိုယ်မကောင်းတာတော့ အဖြစ်မခံကြပါနဲ့ဗျာ။ ကျွန်တော်တို့တွေကို လူကြီးမိဘဆရာ သမားတွေက ပြောဆိုဆုံးမလေ့ရှိတဲ့ "ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်က ကောင်းအောင် ကျင့်နိုင်ရမယ်"ဆိုတဲ့စကားကို တစ်ချက်လောက်တော့ ပြန်နားထောင် လိုက်နာကြည့်စေချင်ပါတယ်။

      ကျွန်တော် ဆိုလိုချင်တာက စိတ်ထားဖြူစင်မှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာနာတတ်မှု၊ အချင်းအချင်း အပေါ်စေတနာမေတ္တာထားနိုင်မှု၊ သည်းခံ နားလည်ပေးနိုင်မှု၊ အကျင့်စာ၇ိတ္တကောင်းမွန်မှုတွေမှာ ပြိုင်ကြစေလိုတာပါ။ (တကယ်တမ်းပြောရရင် ဒါတွေပြိုင်တာတောင် အတိုင်းအဆများသွားရင် မကောင်းတဲ့အကျိုးရလဒ်ဘက်ကို ရောက်သွားစေနိုင်ပါသေးတယ်)။ အခြားသူတွေတော့မသိ။ ကျွန်တော့်ကိုကျွန်တော် ပြန်သုံးသပ်ကြည့်တော့ မကောင်းတဲ့ပြိုင်ဆိုင်မှုတွေက များနေတယ်ဗျ။ အဲဒီတော့ ကျွန်တော်လည်း ပြင်ရမယ်ပေါ့ဗျာ။ (သေချာပြင်မှာပါ)။

      ယှဉ်ပြိုင်ခြင်းဟာ ဘ၀တိုးတက်ရေးအတွက် လက်ခံထားရင် ပြိုင်ဆိုင်မှုကို ပြုလုပ်ပါ။ ဒါပေမယ့် ကောင်းသောယှဉ်ပြိုင်မှုတော့ဖြစ်ပါစေ။ ယှဉ်ပြိုင်မှုတွေ မပြုလုပ်နဲ့တော့ မပြောလိုပါဘူးခင်ဗျ။ လူ့ဘ၀ဟာ ဒီအတိုင်းထိုင်နေလို့မှ မရဘဲ၊ ဘ၀ရှင်သန်ရေးအတွက် အလုပ်တစ်ခုခုတော့ လုပ်နေ ကြတာရတာမို့ ယှဉ်ပြိုင်မှုတော့ ရှိကိုရှိလာမှာပါ။ အဲဒီအခါ သတိလေးထားပြီး ကိုယ်ပြိုင်နေတာ ကောင်းတဲ့ယှဉ်ပြိုင်မှုလား၊ မကောင်းတဲ့ယှဉ်ပြိုင်မှုလား။ ကိုယ့်ကိုကိုယ်မေးပြီး ပြန်ဆင်ခြင်ကြည့်ကာ ယှဉ်ပြိုင်မှုတွေကို ထိန်းချုပ်ရမှာဖြစ်ပါတယ်ခင်ဗျ။ အဲဒီတော့ ကျွန်တော်တို့အားလုံး ကိုယ့်ကျင် လည်ရာ လူ့ပတ်ဝန်းကျင်မှာ တစ်ယောက်ကို တစ်ယောက်က ချစ်ခြင်းတရားတွေနှင့်ကြည့်ပြီး ကောင်းသောတရားတွေနှင့်သာ ယှဉ်ပြိင်ကြပါစို့လို့တိုက်တွန်းရင်း----

 

 

လေးစားလျက်

အောင်မာန်(ဆော)

23-1-2017